Skip to main content

မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၂၁

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၅) ကို ယမန်နေ့တွင် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်) စုဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျကဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေ့လာချက်များအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မူဝါဒကို ချမှတ်ထားမှသာလျှင် လျှပ်စစ်သုံးယာဉ်မှထွက်လာမည့် ဘက်ထရီစွန့်ပစ်ပစ္စည်းများသည် ပြည်သူနှင့်သဘာဝပတ်ဝန်းကျင်မထိခိုက်စေရန် နောင်အနာဂတ်အတွက် အဓိကကျသော အခြေခံအုတ်မြစ် တစ်ခုချမှတ်နိုင်မည်ဖြစ်ကြောင်း၊ နည်းပညာပြောင်းလဲတိုးတက်မှုအပေါ်မူတည်၍ မူဝါဒကို ပြင်ဆင်ဖြည့်စွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြင်ပကုမ္ပဏီအဖွဲ့ အစည်းများအနေဖြင့်လည်း ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ သုတေသနလုပ်ငန်းနှင့် သင်တန်းများဖွင့်လှစ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ် ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း) ပေါ်ထွက်လာရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်က သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ အကြံပြု သဘောထားမှတ်ချက်နှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်ချက်များကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း) နှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည်များကို အကြံပြုဆွေးနွေးကြသည်။

အခမ်းအနားသို့ လျှပ်စစ်သုံးယာဉ် ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီဝင်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒမူကြမ်းရေးဆွဲရေးအဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ လျှပ်စစ်သုံးယာဉ်တင်သွင်းရောင်းချသော ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ ဦးစီးဌာနများမှ ဖိတ်ကြားထားသောပညာရှင်များ တက်ရောက်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်သုံးယာဉ် Workshop အလုပ်ရုံတွင် Polytechnic University (မအူပင်)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (တောင်ငူ) တို့မှ ကျောင်းသားများ Internship ဆင်းကာ လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်