Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ-တရုတ်၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန်၊ အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၂၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့်အဖွဲ့သည် ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးတို့ကို တက်ရောက်သည်။

အစည်းအဝေးတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာန၊ တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဩစတြေးလျနိုင်ငံကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ နယူးဇီလန်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာနတို့မှ ဝန်ကြီးများက ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံစီးပွားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးများတွင် လက်ရှိကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများနှင့် အခြေအနေများ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပေါင်းစည်းမှုတို့အပေါ် အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံရေး၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုများကို ကမ္ဘာ့နိုင်ငံများအကြား ဖြေရှင်းရေးတို့အပါအဝင် အာဆီယံ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတို့ကို ပိုမိုအားကောင်းစေနိုင်သည့် အစီအစဉ်များအပေါ် ဆွေးနွေးကြသည်။

ထပ်မံအတည်ပြု

အစည်းအဝေး၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ပွင့်လင်းမြင်သာပြီး လွတ်လပ်၍ အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထပ်မံအတည်ပြုကြသည်။ ထို့ပြင် နိုင်ငံများအကြား ဖြစ်ပေါ်လာသည့် ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုများကို နှစ်ဖက်ဘက်ညီမျှတမှု၊ အပြန်အလှန်နားလည်မှုနှင့် အကျိုးစီးပွားဖြစ်ထွန်းနိုင်မှုများကိုအခြေခံ၍ ညှိနှိုင်းဖြေရှင်းရန် ထပ်မံအတည်ပြုသည်။

အစည်းအဝေးများတွင် ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေများကြောင့် ဒေသတွင်းထောက်ပံ့မှုကွင်းဆက်တွင် စိန်ခေါ်မှုများရှိနေကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများအနေဖြင့် စည်းမျဉ်းအခြေခံသောကုန်သွယ်ရေးစနစ်ကို ပိုမိုအားကောင်းအောင် ပူးပေါင်းဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု၊ ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်နိုင်ပြီး စီးပွားရေးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အားလုံးအကျုံးဝင်စေမည်ဖြစ်ကြောင်း၊ ယနေ့ခေတ် ကုန်သွယ်မှုစိန်ခေါ်မှုများကိုဖြေရှင်း၍ အခွင့်အလမ်းများကိုဆုပ်ကိုင်ကာ မျှတသည့်ကမ္ဘာ့ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စည်းမျဉ်းအခြေခံသည့် နိုင်ငံစုံကုန်သွယ်မှု စနစ်ကိုထောက်ခံကြောင်း၊ အခြားသောအာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံက အတူတကွပူးပေါင်းဆောင်ရွက်သွားရန် ထပ်လောင်းအတည်ပြုပါကြောင်း၊ အနာဂတ်တွင် ဒေသတွင်းစီးပွားရေး ကြံ့ကြံ့ခံနိုင်စေရေးအတွက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်၊ အာဆီယံ - တရုတ်လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (၃.၀)၊ အာဆီယံ - ဩစတြေးလျ - နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်နှင့် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု စသည့်သဘောတူစာချုပ်များအောက်မှ အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ကြောင်းတို့ကို အလေးပေးပြောကြားသည်။

ထို့နောက် အစည်းအဝေးများတွင် အာဆီယံ - တရုတ် စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၊ အာဆီယံ - ဩစတြေးလျ - နယူးဇီလန်စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံ - ဂျပန်စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးတို့၏ ပူးတွဲကြေညာချက်တို့ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်