နေပြည်တော် မေ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ဝန်ကြီးဌာနအင်ဂျင်နီယာအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက်အအုံများသို့ ပြောင်းရွှေ့နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယာယီဘာရှာအဆောက် အအုံများတွင်နေထိုင်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ သောက်ရေသန့်ရရှိရေးအတွက် ရေသန့်စက်နှင့် ကျောက်စိမ်းအိမ်ရာ ယာယီဘာရှာအဆောက်အအုံအသစ်တို့ကို အမွှေးနံ့သာများ ပက်ဖျန်းဖွင့်လှစ်ပေးသည်။
ထို့နောက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြောင်းရွှေ့နေထိုင်မှုကိုကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ယာယီအဆောက်အအုံများတွင် နေထိုင်ကြသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအနေဖြင့် ရေ၊ မီး၊ မိလ္လာများကို စည်းကမ်းရှိရှိသုံးစွဲကြရန်၊ စွန့်ပစ်ပစ္စည်းများ သတ်မှတ်နေရာများ၌ စနစ်တကျစွန့်ပစ်ကြရန်၊ မိုးရာသီကျရောက်လာပြီဖြစ် သည့်အတွက် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် နေထိုင်စားသောက်မှုများကို ကျန်းမာရေးအသိ၊ သတိဖြင့် အထူးအလေးထား ပြုမူနေထိုင်ကြရန်၊ ယာယီအဆောက်အအုံအတွင်း ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရိုင်းပင်းကူညီနေထိုင်သွားကြရန်၊ ယာယီအဆောက်အအုံ ဧရိယာအတွင်း ရေမဝပ်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်သာယာလှပရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်ရှိသည်များကိုမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယာယီအဆောက်အအုံများအတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်စားသောက်နေမှု၊ လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ရေချိုးခန်း၊ အိမ်သာများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ကန်များ ဆောင်ရွက်ထားရှိမှုနှင့် ယာယီအဆောက်အအုံများ အပြီးသတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်