Skip to main content

တိုက်ကြီးမွေးမြူရေးဇုန်ကို ဒေသတွင်းသာမက Export ဆောင်ရွက်နိုင်သည်အထိမျှော်မှန်း၍ အပိုင်းလိုက်၊ နှစ်အလိုက် စီမံချက်များချမှတ်၍ စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော် မေ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ဆဲ တိုက်ကြီးမွေးမြူရေးဇုန်နှင့် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး/ မွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တည်ဆောက်ဆဲ တိုက်ကြီးမွေးမြူရေးဇုန်သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ အဆိုပါဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်ရလုပ်ငန်းရှင်များ၊ တိုက်ကြီးမြို့နယ်အတွင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ တိုက်ကြီးမွေးမြူရေးဇုန် ဦးဆောင်ကော်မတီဖွဲ့စည်းထားရှိမှု၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တိရစ္ဆာန်အမျိုးအစားနှင့် အကောင်ရေမွေးမြူရန် လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဇုန်အတွင်းမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် လမ်း၊ လျှပ်စစ်မီး၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

လမ်းညွှန်အမှာစကားပြောကြား

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လမ်းညွှန်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်နှင့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်ထားကြောင်း၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုက်ကြီးမွေးမြူရေးဇုန်အနေဖြင့် ဒေသအတွင်း စားရေရိက္ခာဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၇ ဒသမ ၃ သန်းကျော် နေထိုင်လုပ်ကိုင်စားသောက်ကြရာ တိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများ လုံလောက်ခြင်းမရှိသည့်အတွက် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန်များကို မှီခိုအားထားနေသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများအား စားရေရိက္ခာဖူလုံစေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဇုန်အလိုက် စနစ်တကျတိုးချဲ့ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများ မိမိဒေသအတွင်းရှိ ပြည်သူများအတွက် စားကုန်၊ သောက်ကုန်နှင့် လူသုံးကုန်များ ဖူလုံမှုရှိစေရန် ယခုတိုက်ကြီးမွေးမြူရေးဇုန်ကို ဒေသတွင်းသာမက Export ဆောင်ရွက်နိုင်သည်အထိမျှော်မှန်း၍ အပိုင်းလိုက်၊ နှစ်အလိုက် စီမံချက်များချမှတ်၍ စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မွေးမြူရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များ မွေးမြူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီအကြံပြုခြင်းများ၊ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ပြင် မွေးမြူရေးနှင့်ပတ်သက်၍ တိရစ္ဆာန်များအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိရစ္ဆာန်များကို မွေးမြူခြင်းဖြစ်သဖြင့် ဇီဝကာကွယ်မှုလုပ်ငန်း Biosecurity သည်လည်း အဓိကအရေးကြီးကြောင်း၊ ဇီဝရောဂါကူးစက်မှုများသည် လူများဝင်ထွက်သွားလာမှု စနစ်မကျခြင်းမှတစ်ဆင့် စတင်ကူးစက်ပြီး တိရစ္ဆာန်အချင်းချင်း ကူးစက်မှုဖြစ်သဖြင့် ဂေဟစနစ်ကိုသိရှိပြီး ကြိုတင်ကာကွယ်မှုများကို စတင်ထူထောင်စဉ်ကပင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

လှောင်မွေးစနစ်သည်အကောင်းဆုံးဖြစ်

မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်များအတွက် အစာအာဟာရလုံလောက်စွာရရှိရေးသည် အရေးကြီးကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင် လွှတ်ကြောင်းစနစ်၊ လှောင်မွေးစနစ်နှင့် အဆိုပါနှစ်ခုကိုပေါင်းစပ်၍ Hybrid စနစ်ဖြင့်‌ မွေးမြူခြင်းများရှိကြောင်း၊ ထိုအထဲတွင် လှောင်မွေးစနစ်သည် အကောင်းဆုံးဖြစ်ကြောင်း၊ လှောင်မွေးစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက နေ့စဉ်ကျွေးရမည့် တိရစ္ဆာန်အစာနှင့် ဖြည့်စွက်များလိုအပ်ကြောင်း၊ အဆိုပါလိုအပ်သည့်အစာများထဲမှ ဖြည့်စွက်စာများကို မိမိတို့ဇုန်အတွင်း၌ပင် စဉ်ဆက်မပြတ် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်။

ဇုန်အတွင်း သတ်မှတ်လျာထားပြည့်မီအောင် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မွေးမြူရေးဇုန်နှင့် သက်ဆိုင်ခြင်းမရှိသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုက်ကြီးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များကလည်း မိမိတို့တာဝန်ယူဆောင်ရွက်သွားကြမည့် လုပ်ငန်းကဏ္ဍအလိုက် ထဲထဲဝင်ဝင် စနစ်တကျနှင့် သိပ္ပံနည်းကျမွေးမြူရေးသို့ ရှေ့ရှုလုပ်ဆောင်ကြရန်လိုကြောင်း။

မွေးမြူရေးလုပ်ငန်းများ လုပ်မည်ဆိုပါက ရေနှင့်မီးသည် အဓိကလိုအပ်သည့် အချက်များပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေနှင့်မီးရရှိရေး ဆောင်ရွက်ပေးထား သည်ကိုတွေ့ရှိရကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိပါက လုပ်ငန်းရှင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားတစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထို့ပြင် မိမိတို့ခြံနယ်နိမိတ်အလိုက် ယခုမိုးရာသီမှစတင်၍ အကြီးမြန်သည့်သစ်ပင်များကို နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့် အပင်သုံးတန်းကို Zigzag စနစ်ပုံစံဖြင့် စတင်စိုက်ပျိုးကြရန်လိုကြောင်း၊ ထိုသို့ စိုက်ပျိုးခြင်းဖြင့် အပင်များသည် တိရစ္ဆာန်များနှင့် အဆောက်အအုံများအတွက် သဘာဝဘေးအန္တရာယ်များကို အထိုက်အလျောက် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း၊ တိုက်ကြီးမွေးမြူရေးဇုန်ကို စံပြမွေးမြူရေးဇုန်ဖြစ်ရန် သတ်မှတ်ကာလအလိုက် လုပ်ငန်းများ အပိုင်းလိုက်စီမံချက်များရေးဆွဲ၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။

ရင်းနှီးမတည်ငွေများလိုအပ်

ဇုန်အတွင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရင်းနှီးမတည်ငွေများ လိုအပ်ပါကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရင်းမပျောက်မတည်ငွေ၊ MSME ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ချေးယူရရှိနိုင်ကြောင်း၊ သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရန်လိုကြောင်းနှင့် တိုက်ကြီးမွေးမြူရေးဇုန်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ တိုးတက်အောင်မြင်စေရေး အားလုံးက မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်း သက်ဆိုင်ရာကုမ္ပဏီများအလိုက် မွေးမြူရေးလုပ်ငန်းများအတွက် ဝက်ခြံများနှင့် ကြက်ခြံများအပါအဝင် အခြားအဆောက်အအုံများ အကောင်အထည်ဖော်တည်ဆောက်နေသည့် လုပ်ငန်းခွင်များကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု စားရေရိက္ခာဖူလုံရေးနှင့် ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးဇုန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုက်ကြီးမွေးမြူရေးဇုန်ကို မြေဧက ၂၁၀၁ ဒသမ ၀၄ ဧက ပေါ်တွင် မွေးမြူရေးလုပ်ငန်းများ အပိုင်းအလိုက် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြေပြင်အသေးစိတ်တိုင်းတာခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ လုပ်ကွက်များသတ်မှတ်ပေးခြင်း၊ ရေအရင်းအမြစ် ရရှိရေးလုပ်ငန်းနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး လက်ရှိအခြေအနေတွင် မွေးမြူရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇုန်အတွင်း လုပ်ငန်းရှင်များက အသားစားကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ နို့စားနွား၊ အသားစား နွား၊ ဘဲ၊ မျိုးဘဲမ၊ ငုံး၊ ငန်း၊ ငါးနှင့် ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ကိစ္စရပ်များကို နေ့ညမပြတ် ထူထောင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ် (၄) စိုက်ပျိုး/မွေးမြူရေးစခန်းသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုး/ မွေးမြူရေးစခန်းများဆိုင်ရာ အချက်အလက်များ၊ အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် အခြေအနေများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူ ရေးစခန်းများနှင့်ခြံများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က ဘက်စုံစိုက်ပျိုး/ မွေးမြူရေးစခန်းများမှထွက်ရှိသည့် စားသောက်ကုန်ပစ္စည်းများသည် လတ်ဆတ်ပြီး အာဟာရပြည့်ဝမှုရှိရန်လိုကြောင်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် တပ်မတော်သားများအပြင် နိုင်ငံ့ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် သက်သာစွာရောင်းချပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမြတ်ကို အဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူထားသည့် တိရစ္ဆာန်များကိုလည်း တိရစ္ဆာန်အစာများ စနစ်တကျကျွေးမွေးရန်နှင့် ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မွေးမြူရေးဆောင်ရွက်ရာတွင် ကုသရေးပိုင်းနှင့် မွေးမြူရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ကြရန်နှင့် တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သားများ၊ မိသားစုများအားလုံး စားရေရိက္ခာလုံလောက်မှု ဖူလုံသည်အထိ၊ ၎င်းမှတစ်ဆင့် ပိုလျှံသည်အထိ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကာလအလိုက်၊ အပိုင်းအလိုက်စီမံချက်များ စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်အမှတ် (၄) စိုက်ပျိုး/မွေးမြူရေးစခန်းရှိ နို့စားနွားများ မွေးမြူထားရှိမှုများနှင့် အမှတ် (၃) စိုက်ပျိုး/မွေးမြူရေးစခန်းရှိ Novogen Brown ဥစားကြက်၊ Evaporated Cool-ing System ဖြင့် အဆင့်မြင့်အသားတိုးဝက်နှင့် ကာကီကင်းဘဲ မွေးမြူထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသှုများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်