နေပြည်တော် မေ ၂၀
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာပညာရှင်အဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၆ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် ပညာရှင်များ၊ သမိုင်းပညာရှင်၊ နည်းပညာဆိုင်ရာပညာရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်နှင့် မြို့ရိုး၊ ပြအိုးပြာသာဒ် စသည်ဖြင့် ၁၇၈၁ လုံးနှင့် ဘုရား၊ စေတီ၊ သာသနိကအဆောက် အအုံ ၄၉၉၈ လုံး စုစုပေါင်း ၆၇၇၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များရှိ ငလျင်ဒဏ်သင့်နေရာများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး နောင်ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်တွက်ဆပြီး ပြုပြင်ရန်လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရာတွင် နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြုပြင်ရမည့် အဆောက်အအုံများပြားသည့်အတွက် ပြုပြင်ရာတွင် ရှေးဟောင်းလက်ရာ တန်ဖိုးကျန်ရှိနေသေးသည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြီးကြပ်ပေးပြီး ကျွမ်းကျင်အဖွဲ့များကိုပါ ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ကာ ပြည်သူလူထုကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားများ ကိုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကကြီးကြပ်ပြီး သက်ဆိုင်ရာဂေါပကအဖွဲ့များ၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို ခွင့်ပြုဆောင်ရွက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ နည်းပညာဆိုင်ရာ ပညာရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် ပညာရှင်များက သက်ဆိုင်ရာနယ်ပယ်များအလိုက် ဆွေးနွေးကြသည်။
ရှေးဟောင်းအမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ပထမဦးစားပေးအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးနည်းပါးသော (သို့မဟုတ်) ပျက်စီးမှုနည်းပါးသော ရှေးဟောင်းအဆောက်အအုံများ၊ ရွှေဆေးသုတ်ထားသည့် စေတီပုထိုးများကို ပြန်လည်ပြုပြင်လိုသော အလှူရှင်များ၊ ဂေါပကများ၊ အဖွဲ့အစည်းများအနေဖြင့် ဦးစီးဌာနသို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်အတိုင်း အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့် ပြင်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်