နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ပညာရည်မြင့်မားအောင်၊ ပညာတတ်များ ပေါများလာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ပညာတတ်ဆိုသည်မှာ တွေးခေါ်မြော်မြင်ဆင်ခြင်တုံတရားမြင့်မားသော၊ အကောင်းအဆိုးအကြောင်းအကျိုးကို ခွဲခြားဝေဖန် သုံးသပ်နိုင်စွမ်းရှိသောသူများဖြစ်သည်။ အဆိုပါပညာတတ်များဖြင့် လူ့ဘောင်လောကကောင်းကျိုးများကို ပုံဖော်ဖန်တီးတည်ဆောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသမိုင်းကြောင်းတွင် ခေတ်အဆက်ဆက်၌ ပညာရေးဘက်တွင် အားနည်းမှုများရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ရှေးမြန်မာဘုရင်များလက်ထက်က ဥရောပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့သည့် သမိုင်းမှတ်တမ်းများရှိခဲ့သည်။ မင်းညီမင်းသားများသည် ခေတ်မီပညာရပ်များ လေ့လာသင်ကြားခဲ့ရသည်ကို တွေ့ရသည်။ လွတ်လပ်ရေးမရမီကာလကတည်းကပင် ပညာရေးတွင် အားနည်းချက်များရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း လူနည်းစုသာ ပညာတတ်များ ဖြစ်ခဲ့သည်။ ရှေးမြန်မာဘုရင်များခေတ်က နိုင်ငံတော်ကကျင့်သုံးခဲ့သည့် ပညာရေးစနစ်နှင့် ခေတ်အဆက်ဆက်နိုင်ငံတော်ကကျင့်သုံးခဲ့သည့် ပညာရေးစနစ်များကို ပြန်လည်လေ့လာသုံးသပ်ရန် လိုမည်ဖြစ်သည်။
ပညာရေးအားနည်းလျှင် စီးပွားရေးအားနည်းမည်ဖြစ်ပြီး ပညာရေးအရ၊ စီးပွားရေးအရ အားနည်းမှုများကြောင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ လှုံ့ဆော်မှုမျိုးစုံကို လွှမ်းမိုးခံစားခဲ့ရပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ စီးပွားရေးတွင်ပါ နောက်ကျကျန်ရစ်ခဲ့သည်ကို သမိုင်းမှတ်တမ်းများတွင် သင်ခန်းစာအဖြစ် တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအဆက်ဆက်သည် ပညာရေးကို မြှင့်တင်အားပေးလာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီးချိန်၌ ကျောင်းနေရာခိုင်နှုန်းများ ကျဆင်းခဲ့သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပညာရေးကို နိုင်ငံရေးအရ နှောင့်ယှက်ဖျက်ဆီးမှုများနှင့် ကြုံရသည်။ ယင်းပညာရေးအားနည်းချက်နှင့် အနှောင့်အယှက်များကို သတိပြုဖို့လိုသည်။
အရည်အချင်းပြည့်ဝသော ပညာတတ်များ ပေါများလာအောင် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မဖြစ်မနေမွေးထုတ်ပေးရမည်ဖြစ်ပြီး စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ “ပညာတတ်များရှိမှသာလျှင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်ကို အမြဲတမ်းခံယူထားရန်လိုအပ်မည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသော စီးပွားရေးနှင့် လူမှုရေးအခြေအနေအရ အတန်းပညာကို ပြီးဆုံးအောင်သင်ယူပြီး ပညာတတ်များဖြစ်လာအောင် ဆောင်ရွက်နိုင်မှုမှာ နိုင်ငံလူဦးရေအချိုးနှင့်နှိုင်းစာလျှင် မများသေးဟု ဆိုနိုင်သည်။ အများစုမှာ လူမှုစီးပွားဘဝအခြေအနေအရ ပညာကိုဆုံးခန်းတိုင်အောင် မသင်ယူလိုက်နိုင်သောသူများနှင့် သာမန်အခြေအနေအဆင့်သာ ပြီးဆုံးအောင် သင်ယူခဲ့ကြသူများကို တွေ့ရမည်ဖြစ်သည်။ အချို့ပညာတတ်များမှာ စီးပွားရေး သို့မဟုတ် နိုင်ငံရေးအရ နိုင်ငံအတွက် အကျိုးမပြုနိုင်ကြသူများကိုလည်း တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ အခြေခံပညာအထက်တန်းကို ပြီးဆုံးအောင်မသင်ကြားနိုင်သူများ၊ တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများကို သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့ပြီး အကျိုးရလဒ်များကို တွေ့မြင်ခဲ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ ရေရှည်အနာဂတ်အကျိုးကိုကြည့်ပြီး စီမံဆောင်ရွက်လျက်ရှိသည်။ ပြည်သူအများစုမှာ အလယ်တန်းအဆင့်တွင်ပင် ပညာရေးအဆုံးသတ်မှုရှိနေသဖြင့် ထိုသို့မဖြစ်ရအောင် နိုင်ငံတော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတစ်ဝန်းတွင် အကောင်အထည်ဖော်ခဲ့ရာ အထိုက်အလျောက်အောင်မြင်မှုများရရှိခဲ့သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တွင် ကျွမ်းကျင်သူများ ပိုမိုမွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်သည်။
ယခုအခါ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းဒေသအလိုက် ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်ကို နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်သမားများ၏ ပညာရေးအပေါ် နှောင့်ယှက်ဖျက်ဆီးမှုများကို နည်းလမ်းမျိုးစုံဖြင့် ကာကွယ်သွားကြရမည်ဖြစ်သည်။ ပညာရေးကဏ္ဍတွင် နှောင့်ယှက်ဖျက်ဆီးခံရသည့် ဒေသများသည် အခြားဒေသများနောက်တွင်သာ ကျန်ခဲ့မည်ဖြစ်ရာ နိုင်ငံတစ်ဝန်းပညာရည်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။