ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီး၏ အပူချိန်သည် ၂၀၂၃ ခုနှစ်က တင်ခဲ့သည့် အပူဆုံးစံချိန်ကို ကျော်ဖြတ်ခဲ့ပြီး အပူဆုံးနှစ်ဖြစ်ခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားသည်။ ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ပျမ်းမျှအပူချိန်သည် ၁၉ ရာစု ဒုတိယရာစုနှစ်ဝက်ကာလ (၁၈၅၀-၁၉၀၀) တွင်ရှိခဲ့သည့် တစ်ကမ္ဘာလုံးပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅၅ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ခန့် ပိုမိုပူပြင်းလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းက ပြင်းထန်သည့် ရာသီဥတုဖောက်ပြန်ခြင်းများနှင့်အတူ ရေကြီးရေလျှံခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ တောမီးများ လောင်ကျွမ်းခြင်းတို့ကဲ့သို့ ဖြစ်စဉ်များကို ပိုမိုဖြစ်ပေါ်စေသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ကို အဆိုးရွားဆုံးခံစားရသည့်နိုင်ငံများတွင် ပါဝင်သည်။ မြေမျက်နှာသွင်ပြင်ဖွဲ့စည်းပုံအရပင်လျှင် ကမ္ဘာ့အန္တရာယ်အများဆုံး နိုင်ငံများကြားတွင် ပါဝင်လျက်ရှိရာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုက ရာသီချိန်ခါအလိုက် ကျရောက်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ပိုမိုပြင်းထန်ဆိုးရွားစေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် နိုင်ငံများကို ဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်မှုဒဏ်ခံရခြင်း အညွှန်းကိန်းပါ နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် မြန်မာနိုင်ငံမှာ ဒုတိယနေရာတွင်ရှိနေခဲ့သည်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် မြန်မာနိုင်ငံသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၈၄ သန်းခန့် ဆုံးရှုံးလျက်ရှိပြီး ဆင်းရဲနွမ်းပါးသည့်ပြည်သူများက ပိုမိုထိခိုက်ခံစားရလေ့ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိရသည်။
မေ ၁၉ ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံဖိုးဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘတ်ဂျက်မှ ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလီယံ ကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်သူတို့၏ ကုန်ကျမှုများ မပါရှိသေးဘဲ နိုင်ငံတော်မှ ကုန်ကျမှုသီးသန့်ပင်ဖြစ်ကြောင်း၊ ထို့အတူ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလီယံထောက်ပံ့ပေးခဲ့ရကြောင်း၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအနေဖြင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်များ ကြုံတွေ့ခဲ့ရခြင်းမရှိပါက မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာကြီး၏ အပူချိန်မြင့်တက်လာခြင်းက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို ပိုမို၍ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေသည်ဖြစ်ရာ နှစ်စဉ်ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်စေရန် ကြိုတင်ပြင်ဆင်ထားကြရတော့မည်ဖြစ်သည်။ သဘာဝဘေးများမည်မျှပင် ကျရောက်စေကာမူ မိမိတို့ လူ့အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်၍ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်သည်။ နေအိမ်တိုက်တာ အဆောက်အအုံများ၊ ရုံးဌာနများ၊ ဆေးရုံများ၊ ကျောင်းများ၊ လမ်းတံတားများ၊ ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေးတာဝါတိုင်များ အစရှိသည်တို့ကို လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားကြရမည်ဖြစ်သည်။ လူတိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာမြင့်မားပြီး ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားခြင်းက မိမိတို့နိုင်ငံကို ဘေးဒဏ်ခံနိုင်စွမ်းရှိစေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မဟုန်မပျက်ဖော်ဆောင်နိုင်ပါမည့်အကြောင်း။ ။