ပြည်သူများအနေဖြင့် မိုးရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်ထားကြရန်လိုအပ်သည်။ မိုးရာသီကာလတွင် အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မသန့်ရှင်းသောရေနှင့် အစားအသောက်တို့မှ ကူးစက်နိုင်သည့် အသည်းရောင်အသားဝါရောဂါတို့ကို ကြိုတင်ကာကွယ်တားဆီးထားကြရမည်ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားအကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည်။ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသောက်မိရာမှ ရောဂါကူးစက်ဖြစ်ပွားတတ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ရောဂါအသွင်ဆောင်တတ်သည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါပိုးပါဝင်သော မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသုံးမိရာမှ ကူးစက်ဖြစ်ပွားတတ်သောရောဂါဖြစ်သည်။ အသည်းရောင်အသားဝါ (အေ) ရောဂါသည် အေဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်နိုင်သောရောဂါဖြစ်သည်။
အဆိုပါကူးစက်ရောဂါများအားလုံးကို ဆန်းစစ်ကြည့်မည်ဆိုပါက မသန့်ရှင်းသောရေနှင့် အစားအသောက်များက အဓိကအခြေခံသည်ကို တွေ့ရသဖြင့် မိုးရာသီကာလတွင် မိမိတို့အသုံးပြုသောရေနှင့် အစားအသောက်များကို အထူးသတိပြုဖို့လိုသည်။ ထပ်မံ၍ ရောဂါကူးစက်ခြင်းမပြုနိုင်ရန် အထူးသတိပြုရမည့်ရောဂါမှာ ကိုဗစ်-၁၉ ရောဂါဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို စဉ်ဆက်မပြတ် စောင့်ကြပ်စစ်ဆေးလျက်ရှိပြီး ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှု မရှိသလောက်ဖြစ်နေပြီဖြစ်သော်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် နိုင်ငံအချို့၌ ပုံစံအသစ်ဖြင့် ထပ်မံဝင်ရောက်လာပြီဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်သတိပြုနေထိုင်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါစတင်ရောက်ရှိချိန် မတ်လ ၂၃ ရက်နေ့မှ ၂၀၂၅ ခုနှစ် မေလ ၁၁ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၆၄၃၂၄၂ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁၉၄၉၄ ဦးရှိခဲ့သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံသည် ကူးစက်ဖြစ်ပွားမှုနှုန်းအဆင့်နိမ့်သော်လည်း ထိုစဉ်က ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေများကို ကြောက်မက်ဖွယ်တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံ၌ အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူကို နောက်ဆုံးတွေ့ရှိခဲ့ပြီး ထိုနေ့မှစ၍ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူထပ်မံမတွေ့ ရှိတော့သည်မှာ ယခုအခါ နှစ်နှစ်ကျော်ကြာလာပြီဖြစ်သည်။
လက်ရှိတွင် ကမ္ဘာပေါ်ရှိ ဆိုင်ရာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနများနှင့် မီဒီယာများ၏ ထုတ်ပြန်ချက်အရ ထိုင်း၊ စင်ကာပူ၊ တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့် သတင်းများကို ကြားသိနေရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှ မေလ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၀၆၄၈၁ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။ ယခု မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးအခြေအနေကိုတွေ့ရပြီး ထိုရက်သတ္တတစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၃၃၀၃၀ ရှိပြီး ဆေးရုံတက်လူနာ ၂၄၉၀ နှင့် သေဆုံးသူနှစ်ဦးရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ဗီဇပြောင်းမျိုးကွဲသစ်များကူးစက်မှုတို့ကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် နယ်စပ်ဝင်/ ထွက်ပေါက်များတွင် အဖျားရောဂါလက္ခဏာများကို စောင့်ကြပ်ကြည့်ရှုခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ ဆေးရုံများတွင် အဖျားရောဂါလက္ခဏာများကို စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိရပါက ဆေးရုံများတွင် သံသယလူနာများကို သီးခြားထားရှိပြီး ဆေးကုသနိုင်ခြင်း ပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆောင်ရွက်မှုတို့ကို အလေးထား ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မိုးရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက အစဉ်သတိပေးနှိုးဆော်ခြင်း၊ ရောဂါဖြစ်ပွားပါက အထူးကုသဆောင်ရွက်ပေးခြင်းတို့ကို ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိပြီး တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် ကူးစက်မှုမခံရစေရေးအတွက် စောင့်ကြပ်ကြည့်ရှု ကြိုတင်ကာကွယ်တားဆီးမှုများကို အထူးအလေးထားဆောင်ရွက်လျက်ရှိသလို ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ရောဂါအမျိုးမျိုး ကူးစက်မခံရအောင် ရောဂါကာကွယ်ရေးအချက်များကို မမေ့မလျော့ လုပ်ဆောင်ထားကြရမည်ဖြစ်ပါကြောင်း။ ။