Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် မေ ၁၉

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် အဆိုပါသင်တန်းဖွင့်ပွဲများသို့ တက်ရောက်လာကြသည့် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသည်။

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည်-

၁။ အရင်တုန်းကတော့ စိတ်ထဲမှာ စစ်တပ်အကြောင်း သိပ်ပြီးတော့ နားမလည်ဘူး။ အခုစစ်မှုထမ်းဖို့လာတော့ ဆရာတွေက ပြောဆိုပြီးတဲ့အခါကျတော့ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် စိတ်အားထက်သန်လာပါတယ်။ အများအမြင်နဲ့ မဆုံးဖြတ်ဘဲ ကိုယ့်ဟာကိုယ် လက်တွေ့ဆုံးဖြတ်ပြီး ဒီနေရာမှာ ကောင်းတယ်ဆိုတာကို သိရပါတယ်။ တချို့ကျတော့ စစ်တပ်ကို မကောင်းဘူးလို့ ထင်ကြပေမယ့် ကိုယ်တိုင်ဝင်ကြည့်မှ သိရပါတယ်။ စဝင်တုန်းကတော့ ကြောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ တော်တော်ပျော်ပါတယ်။ နေရထိုင်ရတာလည်း ပျော်တယ်။

၂။ ကျွန်တော်က ဒီသင်တန်းကနေပြီး သင်ပေးလိုက်တဲ့ပညာတွေကို အသုံးချပြီးတော့ ဒီပြည်သူလူထုနဲ့ နိုင်ငံတော်ကို ကာကွယ်ပြီး ကျွန်တော်အသက်ပေးပြီး စောင့်ရှောက်သွားမှာပါ။

၃။ စစ်မှုထမ်းကာလကို ကျွန်တော်တို့အနေနဲ့ နှစ်နှစ်သတ်မှတ်ထားတယ်လို့ သိရတယ်။ နှစ်နှစ်အချိန်မှာ ကျွန်တော်တို့သည် သင်တန်းကာလ နှစ်လခွဲအပါအဝင် စုစုပေါင်း နှစ်နှစ်မှာ ကျွန်တော်တို့ ဘာခံယူထားလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းမှုကို သွေးထိုးနှောင့်ယှက်တဲ့ ရန်သူတွေ၊ နောက်ပြီးတော့ ဒီငြိမ်းချမ်းနေတဲ့အရာကိုပဲဝင်ပြီးတော့ ဖျက်ဆီးနေတဲ့ သူပုန်တွေ၊ အဲတာတွေကို ကျွန်တော်တို့အနေနဲ့ ဒီသင်တန်းကျောင်းကနေရလာမယ့် အတွေ့အကြုံ ခွန်အားသစ်တွေနဲ့ တွန်းလှန်ပေးနိုင်မယ်။ နောက်ပြီး တကယ်လုပ်ရတဲ့အချိန်မှာလည်း အကောင်းဆုံးလုပ်ဆောင်မယ်လို့ ကတိပေးပါတယ်။

သတင်းစဉ်