ပေါ်ထွက်နေသော မူးယစ်ဆေးဝါးအမျိုးမျိုးတို့သည် ကမ္ဘာပေါ်ရှိနိုင်ငံများအား ခြိမ်းခြောက်နေသော အန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိသော်လည်း အမြစ်မပြတ်နိုင်ဘဲ ဆက်လက်ကြီးထွားနေသည်ကို နေ့စဉ်ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများက သက်သေပြလျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးအသွင်အမျိုးမျိုးဖြင့် ရှာဖွေဖော်ထုတ်တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။
မူးယစ်ဆေးဝါးများကို နယ်စပ်ဒေသများမှတစ်ဆင့် ပြည်တွင်းကုန်းလမ်းကြောင်းများမှ သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးလျက်ရှိရာ သယ်ဆောင်လေ့ရှိသည့်လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ကုန်းလမ်းကြောင်းမှသယ်ဆောင်ရာမှ အားသာချက်ရှိသည့် ရေလမ်းကြောင်းများကို ပြောင်းလဲအသုံးချကာ သယ်ဆောင်ဖြန့်ဖြူးမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ရေလမ်းကြောင်းများမှတစ်ဆင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်ကြသည့် AA သောင်းကျန်းသူများနှင့်အပေါင်းပါများကို မကြာသေးမီက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ယခင်ကလည်း အလားတူသယ်ဆောင်ခဲ့မှုများကို ဖော်ထုတ်နိုင်ခဲ့သည်။
အများပြည်သူ အထူးသဖြင့် လူငယ်လူရွယ်များကို အန္တရာယ်ကြီးမားစွာပေးလျက်ရှိသော မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများအား မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ တာဝန်သိ သတင်းပေးပို့မှုများအရ ၂၀၂၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်၌ အားမာန်သစ်စက်လှေပေါ်မှ မူးယစ်ဆေးဝါးသယ်ဆောင်သူများနှင့်အတူ ပီနံအိတ် ၃၁ အိတ်ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် မူးယစ်ဆေးဝါး အိုက်စ် ၆၁၈ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသယ်ဆောင်သူများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်နေ့တွင် ကော့သောင်းမြို့၏ အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံများနှင့်အတူ အိုက်စ် ၃၄၇၅ ကီလိုဂရမ်နှင့် ကတ်တမင်း ၂၀၀၀ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသယ်ဆောင်သူတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်နေ့တွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံတစ်ဦးနှင့်အတူ ကွင်းဆက်တရားခံများအား ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် မေလ ၁ ရက်နေ့တွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရာတွင် ပါဝင်ခဲ့သည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင်များကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်းကောင်း၊ မေလ ၆ ရက်နေ့တွင် ကွင်းဆက်တရားခံများကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မေလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်၌ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံတစ်ဦးကို ကတ်တမင်းကီလိုဂရမ် ၁၀၀၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများတွင် AA သောင်းကျန်းသူအဖွဲ့က ဦးဆောင်လုပ်ကိုင်ခဲ့သည်ကို ယခုဖြစ်စဉ်သာမက ယခင်ကလည်း အထင်အရှားတွေ့ခဲ့ရပြီးဖြစ်သည်။ ဖမ်းဆီးရမိသည့် တရားခံများ၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးအထောက်အပံ့ကို မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ် ဖြန့်ဖြူးရေးလုပ်ငန်းများဖြင့် အဓိကလုပ်ကိုင် နေသည်ကို တွေ့ရမည်ဖြစ်သည်။ AA သောင်းကျန်းသူများသည် အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များအပါအဝင် လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးကာ အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာလုပ်ကိုင်ပြီး လူမျိုးရေးကိုအကြောင်းပြ၍ ရခိုင်ပြည်နယ် ပျက်စီးရေးသာမက နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပါ ဖျက်ဆီးနေသည့် အဖျက်သမားများဖြစ်သည်။
သို့ဖြစ်ရာ AA သောင်းကျန်းသူများသည် မြို့ရွာများနှင့်တိုင်းရင်းသားပြည်သူများကို နှောင့်ယှက်တိုက်ခိုက် ဖျက်ဆီးနိုင်ရန်နှင့် ၎င်းတို့အဖွဲ့ရေရှည်ရပ်တည်နိုင်ရေး၊ လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများရရှိအောင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးမှုများပြုလုပ်လျက်ရှိရာ ယင်းတို့ကို အချိန်မီဖော်ထုတ်ဖမ်းဆီးနိုင်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသော တာဝန်သိကူညီခဲ့ကြသည့် ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့များအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း။ ။