မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အမြောက်အမြားပျက်စီးဆုံးရှုံးခဲ့ရခြင်းနှင့်အတူ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ပြီး နောက်ဆက်တွဲစီးပွားရေးအခင်းအကျင်းများအတွက် အခက်အခဲများစွာနှင့် စိန်ခေါ်မှုများစွာကြုံတွေ့လာနိုင်မှုများကို ဝိုင်းဝန်းဖြေရှင်းကြရမည်ဖြစ်သည်။
နိုင်ငံပိုင်ကဏ္ဍအနေဖြင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်အစားထိုးတည်ဆောက်မှုများကို အရှိန်အဟုန်ဖြင့် အမြန်ဆုံးတည်ဆောက်လျက်ရှိသဖြင့် အချိန်အတိုင်းအတာတစ်ခုတွင် မူလအခြေအနေသို့ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်သည်။ သို့သော် ဆုံးရှုံးခဲ့ရမှုများအတွက် ပြန်လည်အစားထိုးနိုင်ရန် မူလကထက်အရှိန်အဟုန်ပြင်းပြင်း ကြိုးပမ်းဆောင်ရွက်မှသာ ရည်မှန်းထားသည့်အတိုင်းဖြစ်လာနိုင်မည်။ ပုဂ္ဂလိကကဏ္ဍတွင်မူ ကိုယ်ထူမှကိုယ်ထရမည်ဖြစ်၍ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာနိုင်စေရန် အချိန်များစွာယူကာ ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်သည်။
မန္တလေးငလျင်လှုပ်ခတ်ခဲ့သည့်အတွက် အစိုးရအဆောက်အအုံများ၊ ပုဂ္ဂလိက အဆောက်အအုံများပျက်စီးခဲ့ပြီး စီးပွားရေးနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများစွာတို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ ငလျင်ဒဏ်ကို တိုက်ရိုက်ထိခိုက်ခံစားခဲ့ရသည့် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်အချို့ဆိုလျှင် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးနှင့် ထုတ်ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားခဲ့သဖြင့် စီးပွားရေးလုပ်ငန်းပြန်လည်ထူထောင်ဖွင့်လှစ်နိုင်သည့် အခြေအနေမရှိနိုင်လောက်အောင်ပင် စီးပွားရေးလုံးဝပျက်စီးသွားသည့် လုပ်ငန်းရှင်အချို့ရှိသည်ဟု သိရသည်။
ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ များသောအားဖြင့် မြို့ပြအဆောက်အအုံနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများမှာ ထိခိုက်မှုထင်ရှားသော်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ကို ယခုတွေ့မြင်နိုင်သည်။ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် မြန်မာပြည်အလယ်ပိုင်းအချို့ဒေသများရှိ ပင်မတမံများ၊ ကုန်းချောတမံများနှင့် ရေပေးတူးမြောင်းအချို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့သလို မြေမျက်နှာပြင်အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှုအချို့ဖြစ်ပေါ်ခဲ့သည်။ ယင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများက စက်ယန္တရားများ၊ လူအင်အားများဖြင့် ပြန်လည်ပြင်ဆင်တည်ဆောက်ရေးကို အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။
လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် စိုက်ပျိုးရေးထွက်ကုန်များကို ကုန်ချောထုတ်လုပ်သည့် ဆန်စက်၊ ဆီစက်အစရှိသည့် စက်ရုံအချို့ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ကြရသည်။ ဆီစက်လုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုအဖွဲ့က ငွေကြေးအရင်းအနှီးလိုအပ်သော ဆီစက်ပိုင်ရှင်များအား ချေးငွေထုတ်ပေးရေးအစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။ အဆိုပါအစီအစဉ်တွင် ပြည်တွင်းရှိ ဆီစက်များအား အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသောချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။
မွေးမြူရေးလုပ်ငန်းများတွင်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ အလားတူ ချေးငွေများ ရယူလျှောက်ထားနိုင်သည်။ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအထောက်အကူပေးလျက်ရှိသည့် ရေလှောင်တမံကြီးများ ထိခိုက်ပျက်စီးမှုမရှိသော်လည်း ရေပိုလွှဲ၊ ရေလွှဲဆည်နှင့် ရေပေးတူးမြောင်းစနစ်များတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ စိုက်ပျိုးရေ အမြန်ပြန်လည်ပေးဝေနိုင်ရန်အတွက် ဌာနဆိုင်ရာစက်ယန္တရားကြီးများဖြင့် ယာယီရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက နေ့/ညမပြတ်တည်ဆောက်ခဲ့ရာ တူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား မေလ ၁၂ ရက်နေ့မှစတင်၍ စိုက်ပျိုးရေများ ပြန်လည်ပေးဝေနိုင်ခဲ့သည်။
မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူမှုရေး၊ စီးပွားရေးနယ်ပယ်ကဏ္ဍအသီးသီးအား နိုင်ငံတော်အစိုးရက အလျင်အမြန်ပြန်လည်ကူညီတည်ဆောက်ပေးလျက်ရှိပြီး ငလျင်လှုပ်ခတ်မှုခံစားရပြီးနောက်ပိုင်း ကာလများတွင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် နိုင်ငံတော်၏ ဦးဆောင်မှုနှင့်အတူ ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်သလို ငလျင်ဘေးကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုများ၊ စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် ကုစားရေးတို့အတွက် စုပေါင်းအဖြေရှာဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်ဘေးလွန်ကာလတွင် ဖြစ်ပေါ်လာမည့် စီးပွားရေးဈေးကွက်၊ စီးပွားရေးအသစ်များ ပိုမိုအားကောင်းလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။