မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဒုစရိုက်မှုများဖြစ်ပေါ်လာရသည့်အခြေအနေကို ၂၀၂၁ ခုနှစ်ကာလ မှစ၍ နိုင်ငံရေးကိုအကြောင်းပြုပြီး ပေါ်ပေါက်လာရသည်ဟုဆိုကြသည်။ လောကတွင် အကောင်းနှင့်အဆိုးတို့သည် အတူတကွရှိနေနှင့်ပြီး အခြေအနေပေးသည်နှင့် အဆိုးတို့ဖြစ်ပေါ်လေ့ရှိသည်။ ဒုစရိုက်မှုများမှာ မည်သည့်ခေတ်အခါတွင်မဆို နယ်မြေဒေသများ၌ လုံခြုံရေးအရ အားနည်းမှုရှိလာသည်နှင့် ဖြစ်ပေါ်လာစမြဲဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများမှာ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ယနေ့ထက်တိုင် ပေါ်ပေါက်နေဆဲဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများ အားကောင်းလာရခြင်းအကြောင်းသည် ၂၀၂၁ ခုနှစ် မတိုင်မီကာလကတည်းက နိုင်ငံရေးအရ သန္ဓေတည်အားကောင်းလာစေရန် ကြိုတင်ကြံစည်မှုနှင့် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလဲကိုအကြောင်းပြု၍ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့၏ သွေးထိုးလှုံ့ဆော်မြှောက်ပင့်အားပေးမှုနှင့် နိုင်ငံရေးပယောဂမှိုင်းမိထားသည့် ပြည်သူအချို့ပူးပေါင်းပါဝင်လာမှုတို့ကြောင့် ပဋိပက္ခများ များလာသည်ဟုဆိုနိုင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ပါအတိုင်း ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးရှိ ပြည်သူများက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူများထဲမှ ပြည်သူများပင်ဖြစ်ပြီး ပြည်သူများကြားသို့ ထိုးဖောက်ဝင်ရောက်ခိုအောင်းလာခြင်း၊ မြို့၊ ရွာအစွန်အဖျားနှင့် အချို့မြို့များကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် မြို့၊ ရွာများနှင့် ဒေသခံပြည်သူများ လုံခြုံရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် မိမိမြို့၊ ရွာ၊ မိမိတို့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မပျက်စီးဘဲ လုံခြုံစိတ်ချမှုရှိစေရေးအတွက် နိုင်ငံတော်က အသိပေးမှုများနှင့် အထူးသတိပေးမှုများကို အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးချခံမဖြစ်စေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်သည့်အချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ “လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အဆောက် အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်တို့အပေါ်မူတည်၍ လိုအပ်သလိုတုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့်မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း” ပြောကြားချက်အတိုင်း ဆောင်ရွက်ကြရန်လိုသည်။
ယခုအခါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ အဓမ္မဝင်ရောက် နေထိုင်ကြသည့် မြို့၊ ရွာများကို နိုင်ငံတော်က ကြိုတင်သတိပေး အထပ်ထပ်နှိုးဆော်ထားသည့်အတိုင်း သတင်းရရှိမှုနှင့်အခြေအနေအရပ်ရပ်တို့အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်လျက်ရှိရာ ရှောင်ရှားခြင်းမပြုနိုင်သည့်မြို့၊ ရွာများမှ ဒေသခံ ပြည်သူအချို့အနေဖြင့် လက်နက်ကိုင်အကြမ်းဖက်သမားများ၏ လူသားတံတိုင်းအဖြစ်အသုံးပြုမှုနှင့် အသိဉာဏ်ဆင်ခြင်တုံတရား၊ ကိုယ်ခံအားနည်းပါးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အနည်းအများဖြစ်ပေါ်ခဲ့သည်ကို ကြားသိကြရမည်ဖြစ်သည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများနှင့်အပေါင်းပါ ပြည်ဖျက်မီဒီယာများက အဆိုပါအခြေအနေကို ထပ်မံအခွင့်ကောင်းယူအသုံးချ၍ မြန်မာနိုင်ငံ၏ပုံရိပ်ကျဆင်းအောင် ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးချမှုမခံရစေရေးနှင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ သတိပေးလမ်းညွှန်ချက်ကို အလေးအနက်မှတ်သားပြီး တပ်မတော်နှင့်လုံခြုံရေး တပ်ဖွဲ့များနှင့်လက်တွဲပူးပေါင်းကာ မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းမှုရှိလာအောင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။