Skip to main content

မူးယစ်ဆေးဝါးနှင့်အတူ အကြမ်းဖက်ကိုလည်း တိုက်ဖျက်

မိမိတို့နိုင်ငံတွင် တိုင်းရင်းသာအမည်ခံ လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့အစည်းအချို့နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းချခြင်းလုပ်ငန်းကို ခွဲခြား၍မရအောင် ဆက်စပ်လျက်ရှိသည်ကို နိုင်ငံတကာက သိရှိထားကြသည်။ ၎င်းလက်နက်ကိုင် သောင်းကျန်းသူတို့ ထိန်းချုပ်လှုပ်ရှားရာနယ်မြေများတွင် ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများ တည်ဆောက်ကာ မူးယစ်ဆေးဝါး အမျိုးမျိုးကို ထုတ်လုပ်ကြပြီး ပြည်တွင်းလမ်းကြောင်းများမှ တစ်ဆင့်သယ်ဆောင်၍ ပြည်ပနိုင်ငံများသို့ ရေကြောင်း၊ ကုန်းကြောင်းခရီးများဖြင့် ထပ်ဆင့်သယ်ဆောင်ရောင်းချကြခြင်း ဖြစ်သည်။

ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရတို့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်၍ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြစေကာမူ အမြစ်ပြတ်သွားသည်ဟူ၍မရှိ။ ခေတ်များ ပြောင်းလဲခဲ့သလို မူးယစ်ဆေးဝါးများမှာလည်း ဘိန်းကိုအခြေခံသည့် မူးယစ်ဆေးဝါးမှသည် ဓာတုပစ္စည်းများကို အခြေခံသည့် မူးယစ်ဆေးဝါးများအဖြစ်သို့ ပြောင်းလဲကာ ဆက်လက်သက်ဆိုးရှည်ခဲ့သည်။ မူးယစ်ဆေးဝါးလုပ်ငန်းသည် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းအချို့၏ အဓိကဝင်ငွေရလမ်းဖြစ်နေခြင်းက မူးယစ်ဆေးဝါး ပပျောက်မသွားရခြင်း၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။ မူးယစ်ဆေးဝါးလုပ်ငန်းတွင် နောက်ဆုံးပါဝင်လာသည့်အဖွဲ့မှာ လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်ကာလက ဖွဲ့စည်းတည်ထောင်လာသည့် AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဖြစ်ပြီး မကြာခဏဖမ်းဆီးရမိနေသည့် အထောက်အထားများအရ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုလုပ်ငန်းကို ပမာဏအများဆုံး၊ အင်အားအကြီးဆုံး ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုနိုင်ဖွယ်ရှိသည်။

ယခုနောက်ဆုံး AA သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါး ပမာဏများပြားစွာ သယ်ဆောင်ရောင်းချသည့် ဖြစ်စဉ်တွင် တရားခံ ၂၆ ဦးကို အိုက်စ်မူးယစ်ဆေးဝါး ၄၀၉၃ ကီလိုဂရမ်၊ ကက်တမင်း ၃၀၀၀ ကီလိုဂရမ် စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံခန့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးများကို သင်္ဘောတစ်စင်း၊ စက်လှေတစ်စင်းတို့ဖြင့် တင်ဆောင်ကာ ပင်လယ်ရေကြောင်းလမ်းမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့သည် အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သော ငွေကြေးများရရှိနိုင်ရန် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြောင်း AA သောင်းကျန်းသူအဖွဲ့ဝင်တစ်ဦးက ဝန်ခံထွက်ဆိုပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ ပြည်တွင်းဒေသများမှ ဖြတ်သန်းသယ်ဆောင်ကာ ရန်ကုန်နှင့် ဧရာဝတီတို့မှထွက်၍ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသည့် ယခင်ဖြစ်စဉ်များတွင်လည်း AA အဖွဲ့ဝင်များကိုမူးယစ်ဆေးဝါးပမာဏ မြောက်မြားစွာနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းမမိဘဲလွတ်မြောက်သွားသည့် အခါများစွာလည်း ရှိမည်ဖြစ်ပြီး ၎င်းမူးယစ်ဆေးဝါးများက ရောက်ရာအရပ်မှ လူသားတို့ကို လူညွန့်တုံးအောင် အန္တရာယ်ပြုကြလိမ့်မည်ဖြစ်သည်။ ယခုနောက်ဆုံး ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းမှုနှင့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုကိုမလိုလားသည့် ဒေသခံပြည်သူများက သတင်း ပေးခဲ့ခြင်းဖြစ်ရာ မှန်ကန်ကောင်းမွန်သည့် ဤလုပ်ဆောင်ချက်က မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးကို အထောက်အကူ ကြီးမားစွာရရှိစေသည်။ ထို့အပြင် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်သည့် သတင်းများကို ရရှိပါက သက်ဆိုင်ရာသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြားခြင်းဖြင့် သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျို့ဝှက်၍ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းကိုလည်း သတင်းထုတ်ပြန်ထားရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အရေးကြီးသည့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။