နေပြည်တော် မေ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော် ရွာတော်ဘူတာသို့ ထပ်မံရောက်ရှိလာသည့် Modular (Prefabricated) Office/House များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဖြန့်ခွဲတပ်ဆင်တည်ဆောက်နေသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် မီးရထားအတွဲ ၂၇ တွဲဖြင့် နေပြည်တော် ရွာတော်ဘူတာသို့ ထပ်မံရောက်ရှိလာသည့် Modular (Prefabricated) Office/House စုစုပေါင်းအလုံး ၂၀၀ ကို မီးရထားပေါ်မှ ကရိန်းကားများဖြင့် မော်တော်ယာဉ်များပေါ်သို့ စနစ်တကျတင်ဆောင်နေမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ သယ်ယူပို့ဆောင်နေမှုအခြေအနေများ၊ Modular (Prefabricated) Office/ House များ စနစ်တကျနေရာချထားမှုအခြေအနေတို့ကို လိုက်လံစစ်ဆေးပြီး အန္တရာယ်ကင်းရှင်းစွာသယ်ဆောင်နိုင်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချိန်မီရောက်ရှိအောင် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးဝင်းအတွင်း Modular (Prefabricated) Office ၂၅ လုံး တပ်ဆင်တည်ဆောက်နေမှု၊ တပ်ဆင်ပြီးစီးမှုနှင့် လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနတွင် Modular(Prefabricated) Office ၁၄ လုံး တပ်ဆင်နေရာချထားမှုအခြေအနေနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ယာယီရုံးအတွင်း Modular (Prefabricated) Office ငါးလုံး တပ်ဆင်တည်ဆောက်နေမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မိုးမကျမီ ယာယီရုံးအဆောက်အအုံများ အမြန်တပ်ဆင်ဆောင်ရွက်ပေးရန်နှင့် စနစ်တကျရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန် မှာကြားသည်။
ယနေ့ရောက်ရှိလာသည့် Modular (Prefabricated) Office/House စုစုပေါင်းအလုံး ၂၀၀ အနက် Modular (Prefabricated) Office ၁၆ လုံးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ နှစ်လုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လေးလုံး၊ အလုပ်သမားဝန်ကြီးဌာနသို့ ခြောက်လုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လေးလုံးဖြန့်ဝေပေးပို့မည်ဖြစ်ပြီး Modular (Prefabricated) House ၁၈၄ လုံးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ၁၀၄ လုံး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့အလုံး ၄၀ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလုံး ၄၀ ဖြန့်ဝေပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်