၁၉၄၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့ (၁၃၀၁ ခုနှစ်၊ တပေါင်းလဆုတ် ၁၀ ရက်)မတိုင်မီ မွေးဖွားခဲ့ကြသည့် အသက်(၈၅)နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် လူမှုရေးပင်စင်ခံစားခွင့်ရရှိရန် သက်ဆိုင်ရာရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာလူမှုဝန်ထမ်းရုံးများသို့ ၃၁-၅-၂၀၂၅ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုဖြစ်သော ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ကိုယ်ဝန်ဆောင်အဖြစ်ရှိနေသူများနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း MCCT အစီအစဉ်ခံစားခွင့်ရရှိရန် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာလူမှုဝန်ထမ်းရုံးများသို့ ၂၅-၆-၂၀၂၅ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အသက်(၈၅)နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လူမှုဝန်ထမ်းဌာနက ထောက်ပံ့ပေးမှုအစီအစဉ်များ အစဉ်အလာမပျက်ရှိခဲ့သော်လည်း ပြည်သူများကြား၌ ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းမရှိသေးသဖြင့် စာရင်းပေးသွင်းနိုင်ရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၌ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးမှုအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပေးနိုင်သဖြင့် အားနည်းသည့်နိုင်ငံသူ နိုင်ငံသားများအတွက် ခံစားမှုများအပြည့်အဝရရှိနေကြသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ကူညီထောက်ပံ့မှုများကို တတ်နိုင်သမျှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတိုင်းအတာအလျောက် နိုင်ငံသူနိုင်ငံသားများ ကြုံတွေ့ရသည့် ဒုက္ခအခက်အခဲအမျိုးမျိုးတို့ကို ကူညီပံ့ပိုးပေးရသော အဖွဲ့အစည်းဖြစ်ပြီး အဆိုပါဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသည် အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့ကြောင့် လူမှုရေးဒုက္ခများနှင့် ကြုံတွေ့နေကြရသူများအား ကူညီစောင့်ရှောက်ရသည့်လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်ပေးရသောဌာနဖြစ်သည်။ လူမှုဝန်ထမ်းဌာနများသည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်တိုင်းတွင်ရှိသဖြင့် ဖော်ပြပါလူမှုရေးအကူအညီများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
လူမှုဝန်ထမ်းဌာနအနေဖြင့် လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ လူမှုရေးတာဝန်များကို ဝေမျှထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များအား လူထုအတွင်းမှမွေးထုတ်ပေးခြင်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ထုတ်ပေးခြင်းနှင့် လူမှုဝန်ထမ်းနည်းလမ်းများအရ ကူညီပေးခြင်းစသော လုပ်ငန်းရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကလေးသူငယ်နှင့် မိသားစုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ လူမှုရေးပြဿနာရှိသည့် လူတန်းစားအသီးသီးတို့ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
တစ်နိုင်ငံလုံးတွင် ကျယ်ပြန့်စွာရှိနေသည့် လူမှုဒုက္ခအခက်အခဲရောက်နေသူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ကျယ်ကျယ်ပြန့်ပြန့် ကူညီပေးနိုင်ရေးဆောင်ရွက်ကြရာတွင် လူမှုဝန်ထမ်းဦးစီးဌာနတစ်ခုတည်းဖြင့် ငွေအား၊ လူအားတို့နှင့် ခရီးရောက်နိုင်မည်မဟုတ်သဖြင့် ပြည်သူလူထုအတွင်းမှ လူမှုရေးတာဝန် မျှဝေထမ်းဆောင်နိုင်မည့်သူများ၊ စေတနာရှင်များ၊ အလှူရှင်များ၊ စေတနာရှင်လူမှုကူညီရေးအဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းလာစေရန် စည်းရုံးစွမ်းဆောင်သွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့ကြောင့် တိုင်းပြည်တွင် လူမှုရေးဒုက္ခအခက်အခဲအမျိုးမျိုးကြုံတွေ့နေရသော ပြည်သူပြည်သား အမြောက်အမြားရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးခိုင်မာတောင့်တင်းမှုအပေါ်မူတည်၍ ပြည်သူပြည်သားများ၏ လိုအပ်ချက်အမျိုးမျိုးတို့ကို ကဏ္ဍပေါင်းစုံတွင် တတ်နိုင်သမျှ ဖြန့်ကြက်ဖြည့်ဆည်းပေးလျက်ရှိသည်။ လူမှုဝန်ထမ်းဦးစီးဌာန၏ ရည်မှန်းချက်ပါ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများအနက် သက်ကြီးရွယ်အိုများ၊ အားနည်းချို့တဲ့သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များအား ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် စေတနာရှင် လူမှုကူညီစောင့်ရှောက်ပေးသူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာအောင် ဝိုင်းဝန်းစည်းရုံး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။