ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအတွင်းရှိ အချို့ဒေသများတွင် အပူချိန်ပြင်းထန်မှုဒဏ်ကို အများပြည်သူတို့အနေဖြင့် ဆိုးရွားစွာခံစားခဲ့ကြရသည်။ “တန်ခူးကဆုန်ဆွေ့ဆွေ့ခုန်”ဆိုသကဲ့သို့ ပူပြင်းလှသည့် နွေကာလ၏အပူရှိန်ကို ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲစွာ ပြည်သူများခံစားခဲ့ရသည်။ အပူရှိန်ပြင်းထန်လာမှုကြောင့် အပူပြန်တိမ်တိုက်နှင့် အခိုးအငွေ့များ မြင့်မားလာမှုနှင့်အတူ လေထုမငြိမ်သက်မှုနှင့် အခိုးအငွေ့များကြောင့် မိုးကြီးလေထန်ဖြစ်နိုင်မှုအခြေအနေများလည်း ပေါ်ပေါက်လာသည်။
လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် ၇၂ မှ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ၈၂ မှ ၉၁ ဒီဂရီဖာရင်ဟိုက်အတွင်းရှိသည်။ ကျန်နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၉၂ မှ ၁၀၂ ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒမှခန့်မှန်းထားရာ မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများအားလုံး၌ အပူချိန်မြင့်မားမှုကို ခံစားကြရသည်။
မေလ ၁၁ ရက်နေ့ ညနေပိုင်းတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်သက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းအားကောင်းမှုကြောင့်လည်းကောင်း၊ မေလ ၁၁ ရက်နေ့ ညနေမှ မေလ ၁၉ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။
မိုးလေဝသမှ ခန့်မှန်းထားသည့်အတိုင်း အစဦးရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နေရာအနှံ့အပြားမိုးရွာသွန်းခြင်းမရှိသေးသော်လည်း မန္တလေးငလျင်လှုပ်ခတ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးတွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လာမည့်ရက်များတွင်မူ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးသက်လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့်အခြေအနေများရှိနေသည်ကို တွေ့မြင်နေရသည်။
ရာသီဥတုပြောင်းလဲမှုအခြေအနေအရ အနောက်တောင်မုတ်သုံလေသည် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ထိုရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ယင်းကာလတွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းလာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း မိုးလေဝသမှ ထုတ်ပြန်ချက်များကို သတိပြုကြရမည်ဖြစ်သည်။
ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင် လက်ရှိကာလတွင် မြန်မာနိုင်ငံတစ်ဝန်း၌ အပူချိန်ပြင်းထန်မှုဒဏ်ကို ခံစားကြရပြီးနောက် မကြာမီကာလများတွင် မိုးရွာသွန်းနိုင်မှုနှင့် အနောက်တောင်မုတ်သုံလေအခြေအနေများကြောင့် အပူဒဏ်လျော့ပါးသက်သာမှုများကို ခံစားကြရမည်ဖြစ်သော်လည်း မိုးသည်းထန်မှုနှင့် လေပြင်းတိုက်ခတ်မှုများကို သတိပြုကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မူလကပုံမှန်ရာသီဥတုများနှင့် သမမျှတသည့် ရာသီဥတုအခြေအနေရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့်အတူ ကြုံတွေ့လာရသောကြောင့် အစွန်းရောက်ရာသီဥတုနှင့် အပြောင်းအလဲမြန်သည့် ရာသီဥတုအခြေအနေများကို ကြုံတွေ့လာရသည်။
သို့ဖြစ်ရာ လက်ရှိရာသီဥတုဖြစ်စဉ်အရ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းနှင့် လေကြောင်းသွားလာရေးတွင်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။