Skip to main content

နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအင်အားလိုအပ်

မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက ဆောင်ရွက်ဖွယ်ရှိသည်များကို အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်အကြီးအကဲကလည်း ပြည်ပနိုင်ငံများနှင့် တွေ့ဆုံမှုတိုင်းတွင် အသိပေးပြောကြားလျက်ရှိသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းသိ ပြည်သိ ကမ္ဘာသိဖြစ်သကဲ့သို့ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်အသီးသီးတို့က အသိအမှတ်ပြုထောက်ခံအားပေးမှုများကိုလည်း ရရှိနေသည်။

လက်ရှိမိမိတို့နိုင်ငံတွင် ကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ်သည် မြန်မာပြည်သူလူထု၏ လိုလားချက်နှင့်အညီ နိုင်ငံ၏ တစ်ခုတည်းသော အခိုင်အမာအင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်က ကမကထပြုဖော်ဆောင်ပေးမှုဖြင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက် လွှတ်တော်သက်တမ်းတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲမသမာမှုကြောင့် တပ်မတော်က နိုင်ငံ့တာဝန်ကို ယူခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်မူ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ဆက်လက်ဖော်ဆောင်လျက်ရှိရာ ယခုနှစ်ကုန်ပိုင်းနှင့် လာမည့်နှစ်စပိုင်းတို့တွင် ကျင်းပသွားမည်ဟု အတိအကျသိရှိပြီး ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများဆိုသည်မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်၏ မရှိမဖြစ်သော အစိတ်အပိုင်းများဖြစ်သည်။ ပြည်သူလူထုအတွင်းမှ ယုံကြည်ချက်၊ ရည်မှန်းချက်၊ အတွေးအမြင်တူညီသူများ အချင်းချင်းစုဖွဲ့ကာ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အရေးအရာ၊ ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ပြေလည်အောင်ဖြေရှင်းရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရန် စသည်တို့အတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ကြခြင်းဖြစ်သည်။ ပြည်သူလူထု၏ ထောက်ခံမှုကိုရရှိသော နိုင်ငံရေးပါတီက အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပြီး ရွေးကောက်ပွဲကာလတွင် ချပြခဲ့သည့် ကတိကဝတ်များ၊ မူဝါဒများနှင့်အညီ ပြည်သူလူထုအကျိုးဖြစ်ထွန်းအောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ကြရခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူဆိုသည်မှာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်မှာ မိမိတို့ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အလျောက် မိမိတို့ကိုယ်စား လူထုကိုယ်စားလှယ်များကို ဆန္ဒမဲဖြင့် ရွေးချယ်ပေးကြရခြင်းဖြစ်ရာမဲပေးသည့် ပြည်သူတစ်ဦးတိုင်း၊ တစ်ယောက်တိုင်းက ဉာဏ်ပညာဆင်ခြင်တုံတရားပြည့်ဝရန်၊ ဆန္ဒ၊ လောဘ၊ ဘယာ၊ မောဟ၊ အဂတိတို့ ကင်းကြရန်လိုသည်။ ပြည်သူအများစု ဉာဏ်ပညာနိမ့်ကျခြင်း၊ စီးပွားရေးနိမ့်ကျခြင်း၊ ပါတီစွဲပုဂ္ဂိုလ်စွဲကြီးခြင်းတို့က ဒီမိုကရေစီ၏ ရန်ဘက်များဖြစ်သည်ကိုလည်း နိုင်ငံရေးအတွေးအခေါ်ပညာရှင်တို့က သတိပေးထားသည်။

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ သန့်ရှင်းသော၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သကဲ့သို့ တည်ငြိမ်အေးချမ်းသော၊ တရားဥပဒေစိုးမိုးသော မြို့၊ ရွာ ဒေသများဖြစ်ရန် လိုအပ်သည်နှင့်အညီ နိုင်ငံရေးပါတီများအားလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုအားဖြင့် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ကို အခိုင်အမာတည်ဆောက်ကြရပါမည့်အကြောင်း။     ။