Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၁၁

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော Grade-12 ပြန်လည်ဖြေဆိုမည့် စခန်းသွင်းလေ့ကျင့်သင်ကြားနေသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေးနှင့် အခက်အခဲမရှိ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက အမှာစကားပြောကြားကာ တာဝန်ရှိသူအသီးသီးမှ ဆွေနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ တောင်ဖီလာတောင်ရှိ ပတ္တမြားစေတီ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော ပတ္တမြားစေတီနှင့် သာသနိကအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့် အားကစားခန်းမ၌ စစ်ကိုင်းမြို့ရှိ ရပ်ကွက်(၆)ရပ်ကွက်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ဒဏ်ရာရ မိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ် ၄၇၃၇၅၀၀၀၀ သိန်းနှင့် အာဆီယံလူသားချင်း စာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center)မှ မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်နေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် နှစ်(၇၀၀)ပြည့် အားကစားကွင်း ငလျင်ဒဏ်သင့် ပြည်သူများစောင့်ရှောက်ရေးစခန်းရှိ ပြည်သူများအား ကြည့်ရှုအားပေးပြီး တန်ဖိုးသင့်လူနေအိမ် နမူနာပုံစံဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်း၌ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ်တကျ ရှိစေရေးတို့ကို စခန်းရှိတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အင်းဝတံတားသို့သွားရောက်၍ ယာယီ ရှင်းလင်းဆောင် တည်ဆောက်နေမှုအခြေအနေများ ကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)မှ တာဝန်ယူဆောင်ရွက်နေသော ခုံးအမှတ် (၄/၅) တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းခွင်၌ တံတား၏ ဘယ်/ညာ ကားလမ်းရှိ ဖြတ်တောက်ထားရှိသော ကျောက်ပြားများ၊ လက်ရန်းသံပေါင်ဖြတ်စများကို ကမ်းပါးပေါ်သို့ ဝန်ချီစက်ဖြင့် သယ်ယူရွှေ့ပြောင်းနေမှု အခြေအနေ များကိုလည်းကောင်း၊ ဝန်ချီစက်တင်သင်္ဘောများ လုပ်ငန်းနေရာရွှေ့ပြောင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ လုပ်ငန်းများဆောင်ရွက်စဉ် လုံခြုံမှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းစဉ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တာဝန်ရှိသူများအား တံတားအပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ပြီးစီးမှုများကို နေ့စဉ်မှတ်တမ်းတင်ထားရှိရန် ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက် အကွက်အမှတ် (၄၀၂)ရှိ ရွှေဘိုကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသအား ဖူးမြော်ကြည်ညို ၍ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် အဆိုပါကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေး စခန်းတွင် ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု ၈၉ စုအတွက် ဆန်၊ ဆီ၊ ကုလားပဲ စသည့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ငလျင်ဒဏ်သင့် ပြည်သူများက လက်ခံရယူသည်။

ဆက်လက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် သောက်သုံးရေရရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး စီစဉ်ဆောင်ရွက်ထားရှိရန်မှာကြားပြီး ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ယင်းနောက် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ပန်းစုံကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ် ရေးစခန်းသို့ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားသည်။ ယင်းနောက် ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၇၅ စုစာအတွက် ဆန်၊ ဆီ၊ ကုလားပဲစသည့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ငလျင် ဒဏ်သင့်ပြည်သူများက လက်ခံရယူကြသည်။

ဆက်လက်၍ တာဝန်ရှိသူများအား အချိန်အခါမဟုတ် မိုးများရွာသွန်းနေခြင်းကြောင့် ဖျားနာရောဂါများ၊ ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ အမှိုက်များကို စွန့်ပစ်ကန်ဖြင့် စနစ်တကျစွန့်ပစ်နိုင်စေရေး၊ ယာယီနေထိုင်သူများအား စနစ်တကျ မှတ်တမ်းပြုစုထားရှိစေရေးတို့ကိုမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလှူငွေများ ပေးအပ်လှူဒါန်း

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားသို့ သွားရောက်၍ ဌာပနာပစ္စည်းများကို သမိုင်းဝင်အောင်မြေ ရွှေကြက်ကျ ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်းသို့ သွင်းလှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို ရှေးမူမပျက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် မန္တလေးမြို့ မန္တလေးတောင်တော်၌ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မွန်းတည့်သိမ်ဘုရား ပြုပြင်နေမှုအခြေအနေများကိုလည်းကောင်း၊ စန္ဒာမုနိဘုရား ပြုပြင်နေမှုအခြေအနေများကိုလည်းကောင်း၊ ဆုတောင်းပြည့်ဘုရားရင်ပြင်တော်ရှိ ဂန္ဓကုဋိတိုက်ပြုပြင်နေမှု၊ အမိုးခုံးတိုင်များပြုပြင်နေမှု၊ ဓာတ်လှေကား၊ စက်လှေကားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများ ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့နယ် မြန်မာသံတော်မြတ်ကုမ္ပဏီလီမိတက် အုတ်စက်ရုံတွင် ကျောက်မီးသွေးမှုန့်တို့ဖြင့် ရောစပ်ထုတ်လုပ်ထားသည့် အရည်အသွေးကောင်းမွန်သော အဆင့်မြင့်အုတ်များ ထုတ်လုပ်နေမှု၊ စက်ရုံလည်ပတ် နေမှုအခြေအနေများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး စက်ရုံအတွင်းရှိ ကျောက်မီးသွေးမှုန့်ကုန်ကြမ်းများမှတစ်ဆင့် အရည်အသွေး မြင့်အုတ်များ ထွက်ရှိလာမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ငလျင်ဘေးဒဏ်သင့် ဒေသများသို့ စက်ရုံမှထွက်ရှိသော အုတ်များကို ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနိုင်ရေး၊ အရည်အသွေးမကျဆင်းစေရေးနှင့် အုတ်များတိုးမြှင့် ထုတ်လုပ်နိုင်ရေးတို့ကို မှာကြားခဲ့ပြီး တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင် ဖျောက်ဆိပ်ပင် ကျေးရွာအုပ်စုရှိ သုခိစံကုမ္ပဏီ ကျောက်မီးသွေးတွင်း၌ ကျောက်မီးသွေးများ စုပုံထားရှိမှုအခြေအနေများနှင့် ဘိလပ်မြေစက်ရုံများသို့ ကျောက်မီးသွေးကုန်ကြမ်းများ ပေးသွင်းနေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဘိလပ်မြေစက်ရုံများ လည်ပတ်နိုင်ရေးအတွက် လိုအပ်သော ကျောက်မီးသွေး ကုန်ကြမ်းများအား စက်ရုံများသို့ ပေးသွင်းရာတွင် အရည်အသွေးပြည့်မီစွာ ပေးသွင်းနိုင်ရေး၊ ဘိလပ်မြေစက်ရုံများ လည်ပတ်ရန်အတွက် လိုအပ်ချက်များ အတိုင်းအလျဉ်မီစွာ ပေးသွင်းနိုင်အောင် ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်နှင့် မီးဘေးလုံခြုံမှု စနစ်တကျရှိစေရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ကူမဲမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ပြည်သူများ၏ အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့်အထပ်သားပြားများကို စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် အမှန်တကယ်လိုအပ်လျက်ရှိသော ငလျင်ဘေးဒဏ်သင့် ပြည်သူများ၏ လက်ဝယ်သို့ စနစ်တကျ တိုက်ရိုက်ရောင်းချပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်း သူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ငလျင်ဒဏ်အင်အား ရစ်(ခ်)တာစကေးအဆင့်(၈)အထိ ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြစ်သားမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စုရှိ Mandalay Rising Star ကုမ္ပဏီလီမိတက် MRS အုတ်စက်ရုံသို့ သွားရောက်၍ အုတ်များ ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ငလျင်ဘေးဒဏ်သင့်ဒေသများသို့ စက်ရုံမှ ထွက်ရှိသောအုတ်များအား ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနိုင်ရေး၊ အရည်အသွေးကောင်းမွန် စေရေးနှင့် အုတ်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများက တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်