နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာ ပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မေလ ၇ ရက်နေ့မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၊ ဆက်စပ်အခမ်းအနားနှင့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။
မေလ ၉ ရက်နေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင်နိုင်ခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတမစ္စတာရှီကျင့်ဖျင်က “မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့နှင့် အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်ဆုံးဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အရေးကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသော အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံဆိုင်ရာလုပ်ငန်းများအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း” ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မန္တလေးငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် Golden Hour တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်လာခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်ခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ အစဉ်ရပ်တည်ပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း အားပေးထောက်ခံလျက်ရှိသည်။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးသည့် မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အစဉ်အဆက်ကူညီဆောင်ရွက်ပေးသောနိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် One Belt One Road လမ်းကြောင်းပေါ်တွင် မြန်မာနိုင်ငံက ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပြီး တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်တွေ့ဆုံရာတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့သည်။ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်အချို့နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို များစွာအထောက်အကူပြုခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ အပြုသဘောဆောင် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ရာ နှစ်နိုင်ငံအကြား နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ရလဒ်များပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။