နေပြည်တော် မေ ၁၀
ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ၆၇ ကြိမ်မြောက် ကျင်းပပြီး သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ နေပြည်တော်ကောင်စီ နယ်မြေမှတောင်သူ ၂၅ ဦး၊ zoon point ၁၀၀ မှ ပညာရှင်နှင့်တောင်သူ ၄၀၀ တို့က စိုက်ပျိုးရေး သုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် AI နည်းပညာအား အသုံးချခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ကျေးရွာတိုင်းတွင် စိုက်ပျိုးရေးပညာပေး ဝန်ထမ်းများ၊ လူငယ်များ၊ ရပ်မိရပ်ဖများ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ဆောင်နေသူအားလုံးပါဝင်သော စိုက်ပျိုးရေးပရဟိတအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဝေပေးခြင်း၊ လိုအပ်သည်များကို အချင်းချင်းကူညီချိတ်ဆက်ဆောင်ရွက်ခြင်းများ ဆောင်ရွက်စေလိုကြောင်း။
ယနေ့ခေတ်တွင် မိမိတို့ဘာသာစကားဖြင့် လွယ်ကူစွာမေးမြန်းတိုင်ပင်နိုင်သည့် AI အမျိုးမျိုးရှိရာ စိုက်ပျိုးမွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပညာပေးဝန်ထမ်းများ၊ တောင်သူများက အကျိုးရှိစွာသုံးစွဲကြရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်စေရန် ရေကိုအကျိုးရှိစွာအသုံးချနိုင်ရေး စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကြိုတင်သတိပေး နှိုးဆော်ချက်များကို သက်ဆိုင်ရာဌာနများအကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ဒေသအလိုက် ဒေသန္တရသီးနှံပုံစံများ သီးသန့်ရှိနေစေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်စွာဝင်းက စိုက်ပျိုးရေးသုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် Deep Seek အပါအဝင် AI နည်းပညာအား အသုံးချခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်း ခြင်း၊ သုံးသပ်ဆွေးနွေးခြင်း၊ အကြံပြုတင်ပြခြင်းဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် တောင်သူများ၏ မိုဘိုင်းဖုန်းများတွင် ကျွမ်းကျင်သူ ပညာရှင်ဝန်ထမ်းများက လွယ်ကူသည့် AI များ တပ်ဆင်ပေးခြင်း၊ လက်တွေ့သုံးစွဲကြည့်စေခြင်းတို့ကို ဆောင်ရွက်ပေးပြီး AI အမျိုးမျိုး၏ အသုံးချ နိုင်မှုကို စမ်းသပ်သရုပ်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်