နေပြည်တော် မေ ၈
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် နည်းပညာ (Knowledge Sharing) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက် တာများအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာမြို့ပြအခြေခံအဆောက်အဦဖွံ့ဖြိုးရေး အသင်းတို့မှ တာဝန်ရှိသူများ၊ မြေပြင်တွင်အဆောက်အအုံပြုပြင်ခြင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေး ကုမ္ပဏီများမှ အင်ဂျင်နီယာများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံများ၊ အထူးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ အဆောက်အအုံများပျက်စီးမှု အနည်းအများအလိုက် အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်ခဲ့ပါကြောင်း၊ သာမန်ပျက်စီးမှုဖြစ်သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်နေပြီဖြစ်ပါကြောင်း၊ လိမ္မော်ရောင်အဆင့်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံပျက်စီးမှုများကို နည်းပညာရှင်များ၏ အကူအညီကိုရယူပြီး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပျက်စီးမှုကြီးမားသည့် အနီရောင်အဆင့်သတ်မှတ်ထားသော အဆောက်အအုံများ အားလုံးဖြိုဖျက်ရန် မလိုအပ်သောကြောင့် နည်းပညာအသုံးပြု၍ ပြန်လည်ပြုပြင်နိုင်သော အဆောက်အအုံများကိုရွေးထုတ်ပြီး မည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို သိရှိရန် နည်းပညာဖြန့်ဝေသည့်အနေဖြင့် Knowledge Sharing ဆွေးနွေးပွဲ ကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း။
Level-1 (အဆင့်-၁)တွင် အနီရောင်အဆင့်သတ်မှတ်ထားသော အဆောက်အအုံများကို Structure ပညာရှင်များပါဝင်သောအဖွဲ့နှင့် Level-2(အဆင့်-၂)စစ်ဆေးရန် လိုအပ်ပါကြောင်း၊ အချို့အဆောက်အအုံများအား Strengthening ပြန်လည်ပြုလုပ်ရန် Repair နှင့် Retrofit ပြုလုပ် ရမည်ဖြစ်ပါကြောင်း၊ တချို့ Structure ကြီးကြီးမားမားထိခိုက်သည့် အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် မရနိုင်သည့်အတွက် ဖယ်ရှားရှင်းလင်းရမည်ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ငလျင်နှင့်ပတ်သက်၍ ခေါင်းစဉ်(၃) မျိုးအကြောင်း ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ Structure ပညာရှင်များသည် မြေပြင်တွင်ကွင်းဆင်းစစ်ဆေးပြီး Strengthening လက်တွေ့ဆောင်ရွက်နေသူများဖြစ်သည့်အတွက် အကြီးစားပျက်စီးနေသည့် အဆောက်အအုံများကို စစ်ဆေးရမည့်နည်းလမ်းများနှင့် ပြုပြင်ရမည့်နည်းစနစ်များကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ အကောင်းဆုံးပြုပြင်ရမည့် နည်းလမ်းများနှင့် ဖြေရှင်းရမည့်အခက်အခဲများကို သိရှိကြပြီး လက်တွေ့မြေပြင်တွင် ငလျင်ဒဏ်သင့် အဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ရာ၌ အကောင်းဆုံးနည်းလမ်းများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ပညာရှင် ဦးစောထွေးဇော်က မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ရမည့်အခြေအနေ၊ ငလျင်ဖြစ်ပေါ်ရသည့် အခြေခံသဘောတရားများနှင့် Structural Assessment Framework and Approach for Unsafe (red) Building ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးစန်းကြူက Detail Assessment , Restoration and Retrofitting of Seismic Affected Buildings ခေါင်းစဉ်ဖြင့် ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့မှ ဦးထင်အောင်က Forensic Engineering using Seismo Build Software ခေါင်းစဉ်ဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို Software အသုံးပြု၍ အဆောက်အအုံ၏ ခံနိုင်ရည်အား စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း Power Point များဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပညာရှင်များ၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးလုပ်ငန်းအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ငလျင်ဒဏ်သင့်အဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများမှ အင်ဂျင်နီယာများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး ပညာရှင်များက ပြန်လည်ဖြေကြားကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်