Skip to main content

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၇

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတွင် မေ ၇ ရက်အထိ သေဆုံးသူ ၃၇၉၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၈၈ ဦး ရှိသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း ပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၉၅ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ မေ ၆ ရက် ညနေ ၅ နာရီမှ မေ ၇ ရက် ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ငလျင်ဘေးသင့်ပြည်သူများအတွက် မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ရှိ KRI SAKTHI NYAN-AETHIRA KANIMADAM YOGI RAMSURATKUMAR SHIRAMAM and PERSATUAN RENGANUT DEVI SHRI KARUMARIAMMAN TEMPLE က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှတစ်ဆင့် လှူဒါန်းသော ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ အဝတ်အထည်များ စသည်တို့ပါဝင်သော ကတ်ထူပုံး ၅၀ အလေးချိန် ၀ ဒသမ ၅ တန် ရောက်ရှိခဲ့ပြီး အဆိုပါပြည်တွင်း ပြည်ပအလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိပါကြောင်း သိရသည်။

သတင်းစဉ်