Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် ပေါင်းလောင်း - ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးစီစဉ်တည်ဆောက်ပေးနေသည့် အိမ်ရာများကိုလည်းကောင်း၊ အဆိုပါမြေနေရာနှင့် ရုံးသို့ဆက်သွယ်သော လမ်းဖောက်လုပ်နေမှုကိုလည်းကောင်း၊ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ရေတွင်းတူးဖော်နေမှုကိုလည်းကောင်း၊ ကွန်တိန်နာများ စီစဉ်ချထားမည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လမ်း၊ ရေ၊ မီး၊ မိလ္လာစနစ်များအပါအဝင် ဘာရှာများကို မေ ၁၅ ရက် ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ၁၇ ရက်တွင် ပြောင်းရွှေ့နေရာချထားပေးရန် မှာကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ယန္တရားဝင်းသို့ သွားရောက်၍ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်း ၁၀ ခန်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဝင်ရောက်နေထိုင်နေမှုများကို ကြည့်ရှုစစ်ဆေးကာ စနစ်တကျနေရာချထားပေးရန်နှင့် ကြော်လှော်ချက်ပြုတ်ရာတွင် လျှပ်စစ်မီး၊ မီးဖိုမီးများ စနစ်တကျအသုံးပြုရန် မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာသို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေလူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းတို့ဖြင့် နွေစပါး၊ မိုးစပါးစိုက်ပျိုးနေသော သမဝါယမအသင်းသားများနှင့်တွေ့ဆုံပြီး သမဝါယမအသင်းသားတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ် (၄) မျိုး မှန်ကန်စွာဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကြိုးပမ်းစိုက်ပျိုးကြရန်၊ လိုအပ်သည့် မျိုး၊ သွင်းအားစုများ အချိန်မီရရှိရေးဆောင်ရွက်ပေးရန်၊ သီးထပ်သီးညှပ်စိုက်ပျိုးကြရန်နှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပေါက်မြိုင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် ရေဖြန့်ဝေပေးနေမှုကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော ဒေါ်ခင်ထွေး၏ ဇူးအိချယ်လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား ပေ ၆၀၀ ၏ ထိခိုက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ အင်ဂျင်နီယာများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်မှုလမ်းကြောင်း မပြတ်တောက်ရေး အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန်၊ ဆက်လက်ပြင်ဆင်ဆောင်ရွက်နိုင်မည့်အစီအမံများ တင်ပြကြရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်