နေပြည်တော် မေ ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တက္ကသိုလ်များအနေဖြင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်အတွက် လိုအပ်သောနည်းပညာများ ဖွံ့ဖြိုးတိုးတတ်ရေးကို ထောက်ပံ့ဆောင်ရွက်ပေးရန် အဓိကအရေးကြီးပါကြောင်း၊ Digital ခေတ်၊ ICT ခေတ်၊ AI ခေတ်ဖြစ်သည့်အတွက် ခေတ်ကာလလိုအပ်ချက်နှင့်ကိုက်ညီသော လူ့စွမ်းအားအရင်းအမြစ်များ၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း မှာကြားသည်။
ယင်းနောက် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သော ပင်မစာသင်ဆောင်၊ အလုပ်ရုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းသား ကျောင်းသူဆောင်များ အကြီးစားပြုပြင်ရန် လိုအပ်မှုအခြေအနေများ၊ သာမန်အဆင့် ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဇွန်လဆန်းတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးစာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် Lab ခန်းများ၊ အလုပ်ရုံများ အဆင်သင့်ဖြစ်စေနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်စေရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ ရောက်ရှိပြီး ငလျင်ဒဏ်သင့်ပင်မဆောင်၊ အလုပ်ရုံနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံကြံ့ခိုင်မှုဆိုင်ရာ အကဲဖြတ်ဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးချိန်တွင် သာမန်အဆင့် ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်မှုအခြေအနေများ၊ အကြီးစားပြုပြင်ရန် လိုအပ်မှုအခြေအနေများကို ဆောင်ရွက်ရန်၊ ဇွန်လတွင် ကျောင်းဖွင့်ချိန်၌ ကျောင်းလုပ်ငန်းများ အဆင်ပြေပြေဆောင်ရွက်နိုင်အောင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လတ်တလောပြုပြင်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရေရှည်တွင် ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရေးနှင့် ထိခိုက်မှုလျော့နည်းအောင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်