ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတို့တွင် လက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားတစ်စုံတစ်ရာ အန္တရာယ်ကျရောက်မှုတို့ကြောင့် ဘေးဒုက္ခများ ကြုံတွေ့နေရသူများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသူများကို ကယ်ဆယ်ကူညီစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ကြက်ခြေနီအဖွဲ့အစည်း ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၁၆၀ ကျော်ခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ကြက်ခြေနီအဖွဲ့အစည်းကြီး ပေါ်ပေါက်လာစေရန် စွမ်းဆောင်ကြိုးပမ်းခဲ့သူမှာ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ဖြစ်ပြီး ၎င်းကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော မေလ ၈ ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ၏ ဖခင်ဟင်နရီဒူးနန့်၏ ကြိုးပမ်းစွမ်းဆောင်မှုကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို ၁၈၆၃ ခုနှစ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုအခါတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသားကြက်ခြေနီ၊ လခြမ်းနီအသင်းပေါင်း ၁၉၁ သင်းတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်ပေါင်း ၁၅ သန်းခန့်က လူမှုကရုဏာအကူအညီများကို ဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများသည် ၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ICRC က အသိ အမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အသင်းဝင်ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ်ဖြင့် လူမှုကရုဏာလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး လူမှုကရုဏာအဖွဲ့အစည်းဖြစ်သည်နှင့်အညီ သမိုင်းကြောင်းအစဉ်အလာကြီးမားသည့် အသင်းကြီး တစ်သင်းလည်းဖြစ်သည်။ နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်ကြီးများတွင် ဘေးဒုက္ခခံစားခဲ့ကြရသူ ပြည်သူများကို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာအဆင့် အတန်းမခွဲခြားဘဲ အစွမ်းကုန်ကူညီကယ်တင် စောင့်ရှောက်ပေးခဲ့သည့် အသင်းကြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်များနှင့် အခြားသော အရေးပေါ်ကိစ္စရပ်များတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးလုပ်ငန်းများနှင့် ရောဂါဘယကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားရာတွင်လည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များက စွမ်းစွမ်းတမံပူးပေါင်းကူညီဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများတွင် ကျေးလက်ဒေသအောက်ခြေအထိ ပါဝင်ကူညီဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းများ AHA Center ကဲ့သို့သော အဖွဲ့အစည်းများ၊ အခြားသောအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် လှူဒါန်းမှု၊ အကူအညီပေးမှုများဖြစ်စေရန် စီမံဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွင်း လူမှုကရုဏာစေတနာရှင်၊ လုပ်အားရှင်စိတ်ဓာတ်များ တိုးတက်ထွန်းကားလာစေရေးနှင့် အသိပညာပြန့်ပွားရေးတို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ ကြက်ခြေနီအသင်းများသည် လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းဟူသည့် အခြေခံမူ (၇) ချက်နှင့်အညီ လူမျိုး၊ ဘာသာ၊ ရန်သူ၊ မိတ်ဆွေ၊ အသွေးအရောင်မခွဲခြားဘဲ ကူညီကယ်ဆယ်စောင့်ရှောက်ပေးနေခြင်းဖြစ်ရာ ကြက်ခြေနီလူမှုကရုဏာစိတ်ဓာတ်များ ထွန်းကားပျံ့နှံ့သည်နှင့်အမျှ လူ့ဘောင်လောက ငြိမ်းချမ်းသာယာဝပြောမည်ဟု ယုံကြည်ပါကြောင်း။ ။