Skip to main content

၂ဝ၂၅ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော် မေ ၇

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၅ ခုတွင် စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ မိတ္ထီလာမြို့ရှိ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား ၅၁ ဦးအားလည်းကောင်း၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းမှ သင်တန်းသား ၅၄ ဦးအားလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦးအားလည်းကောင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား ၅၆ ဦးအားလည်းကောင်း အခြေခံစစ်ရေးပြ ဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း ဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများမှ လေ့ကျင့်သင်ကြားပေးနေမှုများအား တွေ့မြင်ရပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။

ထို့ပြင်တပ်မတော် (လေ) ၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်တာများကို သိရှိနားလည်စေရန်အတွက် လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိပျံသန်းရေးအုပ်များ၊ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများသို့ သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ရွှေနတ်တောင်ရေလှောင်တမံ၌ ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သို့ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသားများအား ရေကြောင်းဆိုင်ရာဘာသာရပ်များဖြစ်သော အနောက်တိုင်းလေးယောက် လှော်လှေ (Tub Four) လေ့ကျင့်လှော်ခတ်ခြင်းနှင့် ရွက်လှေ (Optimoist Boat) အား လက်တွေ့ပို့ချသင်ကြားနေမှုအားလည်းကောင်း၊ မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) ၌ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သို့ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် လေကြောင်းလူငယ်သင်တန်းသားများအား လေကြောင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သင်တန်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ သင်တန်းတာဝန်ခံအရာရှိများ၊ သင်တန်းနည်းပြများနှင့် တွေ့ဆုံကာ သင်တန်းအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။