Skip to main content

ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးမှ MSME ထုတ်ကုန်များကို အရောင်းယာဉ်ဖြင့် လှည့်လည်ရောင်းချ

နေပြည်တော် မေ ၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ယနေ့မှစတင်ကာ တစ်လတာအရောင်းယာဉ်ဖြင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီက ဝန်ထမ်းတွေအတွက် ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းက MSME ထုတ်ကုန်ပစ္စည်းတွေကို ဒီနေ့စတင်ရောင်းချပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့စီစဉ်မှု၊ နေပြည်တော်ကောင်စီရဲ့ကြီးကြပ်မှုနဲ့ ငလျင်ဘေးသင့်ဝန်ထမ်းတွေ၊ ပြည်သူတွေကို သက်သာတဲ့ဈေးနှုန်းနဲ့လှည့်လည် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ တစ်လတာလုံး ရောင်းချပေး သွားမှာဖြစ်ပါတယ်ဟု တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းဗိုလ်ကပြောသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခရိုင်မှ MSME ထုတ်ကုန်များကိုစုစည်းကာ လာရောက်ရောင်းချပေးခြင်းဖြစ်ပြီး MSME ထုတ်ကုန် ပစ္စည်း ၁၅၀ ကျော် ပါဝင်ကြောင်းသိရသည်။

အဆိုပါ MSME ထုတ်ကုန်ပစ္စည်းများကို ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်များကို နေ့ရက်အလိုက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းမင်းအောင် (သတင်းစဉ်)