နေပြည်တော် မေ ၅
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိရာတွင် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ပြည်သူအများသိရှိ နိုင်ကြစေရန်အတွက် ၂၀၁၁ ခုနှစ် မှစတင်၍ နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ၂၀၂၅ ခုနှစ် မတ်လတွင် ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ website ဖြစ်သည့် http://mnhrc.org.mm တွင် လွှင့်တင်ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ပညာပေးရေးလုပ်ငန်းများ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ ဥပဒေရေးရာ ဆောင်ရွက်ချက်များနှင့် ကော်မရှင်ရုံးမှဌာနခြောက်ခု ဆောင်ရွက်ချက်များပါဝင်သည်။ ကော်မရှင်၏ ၂၀၂၄ ခုနှစ်အတွင်းလူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး ဆောင်ရွက်ချက်များတွင် လူ့အခွင့်အရေးသင်ခန်းစာပို့ချမှု အကြိမ် (၇၀)၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသားဘာသာကိုးမျိုး ပြန်ဆိုပုံနှိပ်ထုတ်ဝေခြင်း၊ သတင်းထုတ်ပြန် ချက်များထုတ်ပြန်ခြင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များကို e-newsletter ထုတ်ဝေခြင်းများပါဝင်သည်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် တိုင်တန်းစာများ စုံစမ်းစစ်ဆေးခြင်း၊ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများအပါအဝင် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း ၅၅ ခု၊ လူငယ်သင်တန်းကျောင်း ရှစ်ခု၊ မသန်စွမ်းကျောင်း တစ်ခု၊ ဘိုးဘွားရိပ်သာ ၁၀ ခုတို့သို့ သွားရောက်စစ်ဆေးခဲ့ခြင်းနှင့် တွေ့ရှိချက်များအပေါ် အကြံပြုချက်စုစုပေါင်း ၃၁၄ ချက်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ခြင်းတို့ပါဝင်သည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင် ခံစာနှင့်စပ်လျဉ်းပြီး ဝေဖန်အကြံပြုလိုပါက ကော်မရှင်ရုံးအမှတ် (၂၇) ၊ ပြည်လမ်း၊ (၆) မိုင်ခွဲ၊ လှိုင်မြို့နယ် ရန်ကုန်မြို့သို့လည်းကောင်း၊ အီးမေးလ် info@mnhrc.org.mm သို့ လည်းကောင်း ပေးပို့နိုင်သည်။
သတင်းစဉ်