မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း စသည့်ဒေသများ၌ နေအိမ်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ငလျင်စတင်လှုပ်ခတ်သည့်နေ့မှ မေ ၄ ရက်နေ့အထိ သေဆုံးသူ ၃၇၈၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ ဦးရှိသည်။ ထိုသို့ ထိခိုက်၊ သေဆုံးမှုများသည် မခိုင်ခံ့သောအဆောက်အအုံများ၏ ပြိုကျပိတ်မိမှုများကြောင့် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ အဆိုပါဖြစ်ပေါ်ခဲ့မှုများကို သင်ခန်းစာယူ၍ အဆောက်အအုံများကြံ့ခိုင်မှုနှင့် ပတ်သက်၍ ဗိသုကာအင်ဂျင်နီယာပညာရှင်များ၏ ဆန်းစစ်အကြံပြုလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထိုနေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးသည် ကမ္ဘာ့မှတ်တမ်းဝင် အဆင့်အဖြစ် လေ့လာသုံးသပ်စရာများစွာရှိနေသည်။ ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သည့် အက်ကြောင်းကြီးသည် ကီလိုမီတာ ၅၀၀ ခန့်ရှိပြီး ငလျင်ဗဟိုချက်မှ ဖြန့်ခွဲဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ ပြတ်ရွေ့ကြောအလိုက် လှုပ်ခတ်သွားခြင်းဖြစ်ရာ မတူကွဲပြားသည့်ဒေသများ၌ တစ်ပြိုင်တည်း ထိခိုက်ခံစားခဲ့ရခြင်းဖြစ်ကြောင်း ငလျင်ပညာရှင်များက သုံးသပ်ကြသည်။ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၏အခြေအနေကို စနစ်တကျ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသည့် အင်ဂျင်နီယာများကိုဖိတ်ခေါ်ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရန်ကုန်စသည့်မြို့ကြီးများတွင် ဧပြီ ၉ ရက်နေ့မှစတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
အဆောက်အအုံများ ငလျင်ဒဏ်ခံရသည့်အခြေအနေနှင့်ပတ်သက်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ဒဏ်သင့်သည့်ဒေသများသို့ နိုင်ငံတော်အကြီးအကဲ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် “ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပိုင်းဆိုင်ရာအတွက် ကြီးမားသည့်စိန်ခေါ်မှုပင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာရှုထောင့်အရ အဆောက်အအုံများ တည်ဆောက်ရာတွင် စနစ်တကျတွက်ချက် ဆောက်လုပ်သင့်သည်ကို သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း” ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်အတူ နိုင်ငံတော်က အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးပြုပြင်ခြင်း၊ အန္တရာယ်ရှိအဆောက်အအုံများကို ပြုပြင်ရန်စစ်ဆေးခြင်း၊ ပြုပြင်မရသည့် အဆောက်အအုံများကို ဖျက်သိမ်းခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်ရွက်လျက်ရှိသည်။
မြန်မာအင်ဂျင်နီယာများနှင့် ဖွဲ့စည်းထားသည့် ငလျင်ကော်မတီအနေဖြင့် မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီး အဆောက်အအုံများ အသုံးပြုနိုင်မှုအခြေအနေများကို အကဲဖြတ်ခြင်းနှင့် ပြန်လည်အသုံးပြုနိုင်မည့်အဆောက်အအုံများကို ဆောလျင်စွာအသုံးပြုနိုင်ရန် စိစစ်ပေးခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး လိုအပ်ချက်များကို တစ်နေရာတည်းတွင်စုစည်း၍ အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ အင်ဂျင်နီယာပိုင်းဆိုင်ရာတွင် အဆောက်အအုံများနှင့်ပတ်သက်၍ အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်ဟူ၍ သတ်မှတ်ထားသည်။ အဆောက်အအုံများတွင် အပျက်အစီးအနည်းငယ်မျှရှိပြီး ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိလျှင် အပြာရောင်အဆင့်သတ်မှတ်ကာ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နေထိုင်လုပ်ကိုင်ခွင့်ရှိသည်။
အဆောက်အအုံများ ပျက်စီးမှုရှိသော်လည်း ပြုပြင်ရန်ကြာရှည်မည့်အဆောက်အအုံများကို လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသည်။ အဆောက်အအုံများ အလွန်ထိခိုက်ပျက်စီးပြီး အန္တရာယ်ရှိသောအနေအထားများရှိပါက အနီရောင်အဆင့်သတ်မှတ်ထားသည်။ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့စဉ် ဗုန်းဗုန်းလဲပြိုကျသွားသော အဆောက်အအုံများကို သုံးသပ်ကြည့်လျှင် ငလျင်ကြောပေါ်ကျရောက်မှုနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ အဆောက်အအုံဆောက်လုပ်မှု အားနည်းချက်များကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အဆောက်အအုံများ ပြန်လည်အသုံးပြုနိုင်စွမ်းကို စစ်ဆေးခြင်းများပြုလုပ်ပြီးသည်နှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနိုင်ရန် လုပ်အားပေးအင်ဂျင်နီယာများက ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
သို့ဖြစ်ရာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများတွင် အဆောက်အအုံများ ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ရာ အဆောက်အအုံများ အသစ်ပြန်လည်တည်ဆောက်ရေး၊ ထိခိုက်မှုရှိခဲ့သည့်အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးတို့အတွက် ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာ လမ်းညွှန်မှုများနှင့် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဝိုင်းဝန်းပူးပေါင်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။