Skip to main content

၂ဝ၂၅ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်  မေ  ၂

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်သားဘာသာရပ်၊ လှေလှော်ရွက်တိုက်ဘာသာရပ်နှင့် ရေကူးဘာသာရပ်တို့တွင်ပါဝင်သည့် သင်ခန်းစာများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၂)မှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တပ်မတော်(ရေ) ရေကြောင်းလူငယ် သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၈၀၀)ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၅ ခုတွင် စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မိတ္ထီလာမြို့ရှိ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ တောင်ကြီးမြို့ရှိ တောင်ကြီးသင်တန်းစခန်းမှ သင်တန်းသား ၅၇ ဦး အားလည်းကောင်း၊ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းမှ သင်တန်းသား ၅၃ ဦးအား လည်းကောင်း၊ မြိတ်မြို့ရှိ မြိတ်သင်တန်းစခန်းမှ သင်တန်းသား ၅၂ ဦးအားလည်းကောင်း၊ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၆၁ ဦး အားလည်းကောင်း အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံ ဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများမှ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။