နေပြည်တော် မေ ၁
ဝေါမြို့နယ်နှင့် တပ်ကုန်းမြို့တို့၌ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် ဆေးခြောက် ၂ ဒသမ ၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် တပ်ကုန်းမှ မော်လမြိုင်သို့ မိုးဝင်းလှိုင်မောင်းနှင်ပြီး ကျော်ခိုင်ဦးလိုက်ပါလာသည့် TOYOTA LEXUS ယာဉ်ကို သတင်းအရရှာဖွေရာယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် သူရမျိုးမျိုး (ခ) မျိုးမျိုးအား တပ်ကုန်းမြို့ မြဝတီရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆေးခြောက် ၂ ဒသမ ၃ ကီလို၊ CADILLAC ESCALADE မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် ဆေးခြောက် ၂ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်