Skip to main content

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပ

ရန်ကုန် မေ ၁

၂၀၂၅ ခုနှစ် မေ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (CTUM) မှ အလုပ်သမားကိုယ်စားလှယ်များ၊ စက်ရုံ၊အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများ တက်ရောက်ကြသည်။

ဂုဏ်ပြုသဝဏ်လွှာဖတ်ကြား

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ဖတ်ကြားပြီး အလုပ်သမားကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦးတို့က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့နှင့် စပ်လျဉ်း၍ ဂုဏ်ပြုဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fiar) အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလုပ်သမားမှတ်ပုံတင်ကတ်ပြား (LabourCard) ပြုလုပ်ပေးနေသော အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အလုပ်လာရောက်လျှောက်ထားသူများ၊ ပြပွဲတွင် ပါဝင်ပြသသော စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အလေးထားဆောင်ရွက်

အလုပ်သမားဝန်ကြီးဌာနသည် အရည်အချင်းပြည့်ဝသောလုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရန် စည်းကြပ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပတို့၌ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ လုပ်သားထု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေးအာမခံအလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှုများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးရေး၊ အလုပ်သမားရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြားအတွင်းရှိသူများကို ၎င်းတို့၏ အရည်အချင်း၊ ကျွမ်းကျင်မှုတို့နှင့်အညီ အလုပ်ရှင်၏ လိုအပ်ချက်နှင့် သင့်လျော်သည့် အလုပ်အကိုင်များရရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

ပြခန်းများပါဝင်ပြသ

အလုပ်သမားဝန်ကြီးဌာနသည် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များကို တစ်နေရာတည်း၌ တွေ့ဆုံ၍ အချိန်ကုန်၊ ငွေကုန်သက်သာစွာနှင့် One Stop Service ဖြင့် အလုပ်အကိုင်များ ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၅၂ ခုတို့မှ အလုပ်အကိုင်ရရှိရေးပြခန်းများ ပါဝင်ပြသခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ တာဝန်ခံအရာရှိများနှင့် တွေ့ဆုံ၍ လူမှုဖူလုံရေးအာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်နှင့် ငလျင်ဘေးဒဏ်သင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နည်းစနစ်မှန်ကန်စွာ ပေးအပ်နိုင်ရေးအတွက် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်