နေပြည်တော် မေ ၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအကြီးအမှူးများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထား၏ (၁၄၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တစ်နှစ်ကာလအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ (၁၄၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က မြန်မာ့မီးရထား၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကာလအတွင်း မီးရထားတိုင်းနယ်မြေ၊ စက်ရုံ၊ ဆေးရုံများအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆုများ၊ တစ်နှစ်တာကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ ရေဘေးနှင့် မြေငလျင်ဘေးစသည့် သဘာဝဘေးဒဏ်ကြောင့် ရထားလမ်းပိုင်းပျက်စီးမှုများအပေါ် ရထားစီးခရီးသည်များ ဘေးအန္တရာယ်မကျရောက်စေရေးနှင့် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် အမှုထမ်းနှင့် အရာထမ်းများ၊ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများတွင် ပိတ်မိခဲ့ကြသူများကို သက်စွန့်ကြိုးပမ်းကယ်တင်ပေးခဲ့ကြသည့် ဝန်ထမ်းများနှင့် အဆိုပါကာလလုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်