အနော်ရထာမင်းလက်ထက်မှသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိမင်းနေပြည်တော် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးပြင်လေးရပ်တို့ကို စောင့်ရှောက်ရသည့် ထောင်မှူးလေးဦး၊ သူရဲ ၄၀၀၀ စီမှတစ်ပါး အမြဲတမ်းဖွဲ့စည်းထားသည့် တပ်မတော်ဟူ၍ မရှိခဲ့ပေ။ ပြည်တွင်း၊ ပြည်ပစစ်မက်အရေးပေါ်ပေါက်လာသည့်အခါမှသာ တစ်နိုင်ငံလုံးရှိ ရဲရင့်သန်မာသောပြည်သူများကို ဆင့်ခေါ်၍ ဖွဲ့စည်းတိုက်ခိုက်စေခဲ့သည်။ ဆိုလိုသည်မှာ တိုင်းပြည်အရေးပေါ်ပေါက်လာသည့်အခါတွင် ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်ဖြင့် တစုတရုံးတည်းပါဝင်ခဲ့ကြသည့် ပြည်သူများသည် စစ်မှုထမ်းဟောင်းများဟု ဆိုချင်သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၌ တစ်ခုတည်းသော အမြဲတမ်းတပ်မတော်ကြီး ဖြစ်ထွန်းတည်ရှိနေသည်။ တိုင်းရေး ပြည်ရေး တိုင်းပြည်ကာကွယ်ရေးကိစ္စများရှိလာပါက အမြဲတမ်းတပ်မတော်ကြီးကို ရှေးရှေးဇာတိသွေး၊ ဇာတိမာန်အစဉ်အလာများအတိုင်း ကူညီအားဖြည့်ပေးကြရမည်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့်အတူလက်တွဲ၍ ပြည်သူ့စစ်များဖွဲ့စည်းပြီး တိုင်းပြည်ကာကွယ်ရေးကို ဆောင်ရွက်ခဲ့ကြသလို မျက်မှောက်ကာလတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများသည် တပ်မတော်နှင့် လက်တွဲ၍ ရန်စွယ်အန္တရာယ်တို့ကို ကာကွယ်နေကြပြီဖြစ်သည်။
“တပ်မတော်၏ နိုင်ငံတော်နှင့်ပြည်သူအပေါ်ထားရှိသော စစ်မှန်သည့်သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တစ်ရပ်တည်းလုပ်ဆောင်ခြင်းထက် ပြည်သူများတွင်ရှိနေသည့် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာ အားပြုနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် “ပြည်သူ့စစ်မဟာဗျူဟာ”ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် တပ်မတော်နှင့် ပြည်သူကြားတွင် ခိုင်မာသည့် ပေါင်းစည်းအားရရှိအောင် ဆက်လက်ကြိုးပမ်းပုံဖော်ပေးသွားကြရမည်ဖြစ်ကြောင်း” ဧပြီ ၃၀ ရက်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူး ညီလာခံ (၂၀၂၅)တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန် ၁၉၄၈ ခုနှစ်ကတည်းက စစ်ပြန်စစ်မှုထမ်းဟောင်းကြီးများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မြို့ရွာဒေသများအလိုက် အချင်းချင်းအပြန်အလှန် အထောက်အကူပြုရင်း စစ်မှုထမ်းဟောင်းအဖွဲ့လေးများဖွဲ့ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပရဟိတစိတ်ထားဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအဖွဲ့အစည်းများကို ၁၉၇၃ ခုနှစ်တွင် စနစ်တကျပြန်လည်စုဖွဲ့ပြီး မြန်မာနိုင်ငံစစ်ပြန်စစ်မှုထမ်းဟောင်းများ ဗဟိုနှင့် မြို့နယ်များကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပြောင်းလဲလာသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီကိုဖျက်သိမ်းပြီး သီးခြားလွတ်လပ်သည့် တပ်မတော်၏ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကို ဗဟိုဌာနချုပ်ရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ရည်ရွယ်ချက်(၄)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၇) ရပ်တို့ကို ချမှတ်ပြီး တပ်မတော်၏ အရန်အင်အားအဖြစ် နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသလုံခြုံရေးနှင့် ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ တပ်မတော်သားဟောင်းကြီးများနှင့် ဖွဲ့စည်းထားခြင်းဖြစ်၍ စစ်ရေးအရ အတွေ့အကြုံများခဲ့သူများဖြစ်သည်။ ထို့ပြင် တပ်မတော်မှ အနားယူပြီးနောက် ပြည်သူများကြားတွင် ပြည်သူများနှင့် အမြဲထိတွေ့မှုရှိနေသည့်အတွက် တပ်မတော်နှင့် ပြည်သူများကြား ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့် အပြောအဆိုအပြုအမူများကို သတိပြုကြရန်လိုမည်ဖြစ်သည်။ စစ်မှုထမ်းဟောင်းများ၏ အပြုအမူအပြောအဆိုသည် မိမိအဖွဲ့အစည်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် တပ်မတော်အပေါ်တွင်ပါ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်ကို နှလုံးသွင်းထားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်သားဟောင်းများဖြစ်သည့် ပြည်သူများသည် မိမိတို့ ဇာတိသွေး၊ ဇာတိမာန်တို့ဖြင့် ထမ်းဆောင်ခဲ့ကြသည့် အစဉ်အလာကောင်းများနှင့် ဂုဏ်သိက္ခာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး စစ်သားကောင်းများပီပီ တပ်မတော်နှင့် ပြည်သူကြားတွင် ပေါင်းကူးတံတားသဖွယ်ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းအပ်ပါကြောင်း။