Skip to main content

အရည်အသွေးပြည့်ဝသည့် ပစ္စည်းများဖြင့် စံချိန်စံညွှန်းနှင့်အညီ ပြုပြင်တည်ဆောက်

မတ် ၂၈ ရက်တွင် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး တစ်လစွန်းစွန်းမျှကြာမြင့်ခဲ့ပြီဖြစ်သည့် ယခုကာလတွင် ရှေးဦးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတို့တွင် ကနဦးစာရင်းများအရ လူနေအိမ်ပေါင်း ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာ‌ရေးအဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရာ ယင်းတို့ကို ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်သည်။

ငလျင်‌ဘေးဒဏ်သင့်ဒေသများ ပြန်လည်တည်ဆောက်ရေးမှာ ပမာဏကြီးမားသည့်အလျောက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ၊ အုတ်၊ သံ၊ သံမဏိ၊ အမိုးပြား၊ အထပ်သား စသည်တို့ လိုအပ်ချက်များမှာလည်း လွန်စွာများပြားသည်။ ပြန်လည်ထူ‌‌ထောင်ရေးကာလ လိုအပ်ချက်မြင့်မားလာမှုအပေါ် ဝိသမလောဘ စီးပွားရေးသမားအချို့က အခွင့်ကောင်းယူကာ ဆောက်လုပ်ရေးပစ္စည်းများကို စျေးနှုန်းထပ်မံမြှင့်တင်ရောင်းချမှု ပြုလုပ်ခဲ့ကြသဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ နိုင်ငံတော်အနေဖြင့် တည်‌ဆောက်‌ရေးလုပ်ငန်းသုံး ဘိလပ်မြေများ၊ သံ၊ သံမဏိများ၊ အုတ်များ၊ အမိုး၊ အမိုးပြားများ၊ အထပ်သားများထုတ်လုပ်လျက်ရှိသည့် စက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ‌ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် လိုအပ်သောပစ္စည်းများကို စိစစ်၍ တင်သွင်းခွင့်ပြုလျက်ရှိသည်။

အင်အားပြင်းငလျင်ဒဏ်သင့်ခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရမည့် အဆောက်အအုံများ၊ အနာဂတ်တွင် တည်ဆောက်ရမည့် အဆောက်အအုံများမှာ ငလျင်ပြင်းအား အဆင့် ၈ အထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများဖြစ်ရန် လမ်းညွှန်ထားရာ ဆောက်လုပ်ရေးအပိုင်းတွင် အင်ဂျင်နီယာဆိုင်ရာ စံချိန်စံညွှန်းများနှင့်ကိုက်ညီရန် လိုအပ်သကဲ့သို့ ဘိလပ်မြေ၊ သံ၊ သံမဏိ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးမှာလည်း စံချိန်စံညွှန်းများအတိုင်း ပြည့်မီရန်လိုအပ်သည်။ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြီး လှုပ်ခတ်စဉ် မြေငလျင်ဗဟိုချက်နှင့်နီးကပ်သည့် မန္တ‌လေးမြို့၌ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်ပြည့်ဝစွာ တည်ဆောက်ခဲ့သော အထပ်မြင့်အဆောက်အအုံများ ခံနိုင်ရည်ရှိခဲ့ပြီး အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ အားနည်းချက်ရှိခဲ့သည့် အဆောက်အအုံများမှာ ပြိုကျပျက်စီးခဲ့သည်၊၊ ၎င်းငလျင် ကြီးအတွင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဆောက်လက်စအထပ်မြင့် အဆောက်အအုံတစ်လုံးပြိုကျခဲ့ရာ ကနဦးစစ်ဆေးတွေ့ရှိ ချက်အရ ဆောက်လုပ်ရေးသုံးသံမဏိများ အရည်အသွေးကောင်းမွန်မှုမရှိခြင်းကြောင့်ဖြစ်သည်ဟု သတင်းများတွင် တွေ့ရသည်၊၊

သို့ဖြစ်ရာ ပြည်တွင်းစက်မှုလုပ်ငန်းများမှ တည်‌ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို စက်စွမ်းအားပြည့် လည်ပတ်၍ အရည်အသွေးစံချိန်စံညွှန်းပြည့်ဝစွာ ထုတ်လုပ်ရေး၊ ပြည်ပမှတင်သွင်းသည့် တည်‌‌‌ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီအောင် စနစ်တကျကြပ်မတ်စစ်ဆေးရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုအသုံးပြု၍ အင်ဂျင်နီယာစံချိန်စံညွှန်းများနှင့်အညီ တည်‌ဆောက်ရေးတို့ကို အလေးအနက်ဂရုပြုဆောင်ရွက်ခြင်းအားဖြင့် အနာဂတ်ကာလတွင် ကျရောက်လာနိုင်မည့် သဘာဝ‌ဘေးအန္တရာယ်များကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမည်ဖြစ်ပါကြောင်း။ ။