Skip to main content

မောင်တောမြို့နယ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

နေပြည်တော် အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အောက်တိုဘာ ၁၁ ရက်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွား ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ မောင်တောမြို့နယ် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့၏ လိပ်ရကင်းစခန်းနှင့် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအကြား မြန်မာပိုင်နက်၌ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် အောက်တိုဘာ ၁၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် နယ်စပ် ခြံစည်းရိုး အား တရားမဝင်ဖြတ်သန်း ခိုးထွက်ရန် ချဉ်းကပ်လာပြီး အထုပ်နှစ်ထုပ် ထမ်းလာသည့် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိကြောင်း၊ စစ်ဆေးထိန်းချုပ်ရန် တားဆီးရာ အထုပ်နှစ်ထုပ်အား ပစ်ချပြီး နောက်ကြောင်း ပြန်ထွက်ပြေးသဖြင့် အချိန်ကာလနှင့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ပစ်ခတ်ဟန့်တားခဲ့ရာ ကျည်ထိမှန် ဒဏ်ရာရရှိနိုင်သော် လည်း ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းပစ်ချခဲ့သည့် အထုပ်များအား ဖွင့်ဖောက်စစ်ဆေးရာ ပလတ်စတစ် အိတ်များဖြင့် ထည့်သွင်းထုပ်ပိုးထားသည့် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၁၀၅၀၅၀ (၁ ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၁၀၁ သိန်း)၊ MPT ဆင်းကတ်ပါ ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း။

နံနက်လင်းချိန်၌ တရားခံထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပစ်ခတ်သည့်နေရာနှင့် ကိုက် ၅၀၀ ခန့်အကွာ ချုံပုတ်အတွင်း၌ အမျိုးသားအလောင်းအား ဦးခေါင်း ဝဲဘက်နှင့် ဝဲတင်ပါး ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း၊ သိမ်းဆည်းရမိ ဖုန်းအတွင်းရှိ ဓာတ်ပုံမှတ်တမ်းများနှင့် ရွာနှင့် လူဦးရေစာရင်း မှတ်တမ်းများ တိုက်ဆိုင်စိစစ်ရာ သေဆုံးတရားခံမှာ ဆွေတာလောင်(၃၁)နှစ်၊ (ဖ)ရှီကန်သော် ယခင် လိပ်ရ(မြောက်)ကျေးရွာမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက် နေထိုင်နေသူဖြစ်ကြောင်း၊ စာရင်းမှတ်တမ်းများအရ လက်ရှိရွာတွင် နေထိုင်သူမဟုတ်ကြောင်း စိစစ်တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ပြန်လည်ခိုးဝင်ကာ မူးယစ်ဆေးဝါးများ လာရောက်သယ်ဆောင်သူဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်းစဉ်