နေပြည်တော် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ်သုတေသနဌာနမှ ကိုဗစ်-၁၉ တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အသုံးချနိုင်ရန် သုတေသနပြု တည်ဆောက်ထားသည့် Speaker Drone များဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်းမာရေး အသိပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စပီကာဒရုန်းများတွင် တပ်ဆင်ထားသည့် Speaker အား မြေပြင်မှ Walkie Talkie ချိတ်ဆက်၍ တိုက်ရိုက်အသိပေး နှိုးဆော်နိုင်ပြီး ကင်မရာတပ်ဆင်၍ မြေပြင်အခြေအနေကို တိုက်ရိုက်ကြည့်ရှုကွပ်ကဲနိုင်သည်။ Drone များတွင် Delivery Box တပ်ဆင်ထားပြီး 800 kg အလေးချိန်ရှိ အရေးကြီးဆေးဝါးပစ္စည်းများကို တစ်မိုင်အကွာအဝေးထိ ပို့ဆောင်ပေးနိုင်ကြောင်း၊ ပန်ကာခြောက်လက် တပ်ဆင်ထားသည့် Hexacotpter အမျိုးအစားဖြင့် သုတေသနပြု တည်ဆောက်ထားသည့်အတွက် လေတိုက်နှုန်း ခံနိုင်ရည်ရှိပြီး မိနစ် ၂၀ အထိ ပျံသန်းနိုင်ကာ အမြင့်ပေ ၈၀ မှ နှစ်ကြိမ်နှုန်း ပျံသန်းပေးပါက ရပ်ကွက်တစ်ရပ်ကွက်အား ထိရောက်စွာ အသိပေးနှိုးဆော်နိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စက်တင်ဘာ ၂၆ ရက်မှစတင်၍ ကျန်းမာရေးအသိပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ အရေးပေါ်လိုအပ်သည့် အသိပေးကြေညာချက်များနှင့် ကျန်းမာရေး အသိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် Fever Clinic များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းစဉ်