Skip to main content

ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် အောက်တိုဘာ ၁၂

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့်   ပြည်ပနိုင်ငံများ၌   စာချုပ်သက်တမ်း ကျော်လွန်၍   မြန်မာနိုင်ငံသို့   ပြန်လာရန် အခက်အခဲကြုံတွေ့ နေရသည့်  မြန်မာသင်္ဘောသားများအား မြန်မာသံရုံး ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များ  အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့်  ကိုရီးယားသမ္မတနိုင်ငံ  အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့   အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

အဆိုပါ  ကယ်ဆယ်ရေးလေယာဉ်တွင်  ကိုရီးယား သမ္မတနိုင်ငံမှ ၁၂၂ ဦး၊ ဘရာဇီးမှ ၁၄ ဦး၊ ယူအေအီးမှ တစ်ဦး၊ ဗီယက်နမ်မှ သုံးဦး၊ ဩစတြေးလျမှ  သုံးဦး၊ ပနားမားမှ တစ်ဦးနှင့် ရုရှားမှ တစ်ဦး စုစုပေါင်း မြန်မာ သင်္ဘောသား ၁၄၅ ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေး သည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား   ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊   သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်