နေပြည်တော် ဧပြီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ရုံးသို့ရောက်ရှိပြီး စာကြည့်တိုက်နှင့် ရုံးအဆောက်အအုံများ ကြံ့ခိုင်မှုနှင့်သန့်ရှင်း သာယာရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးထင်အောင် (အငြိမ်းစား) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက စာကြည့်တိုက်များအတွက်လှူဒါန်းသော သိပ္ပံနည်းပညာနှင့် ဘာသာရပ်ဆိုင်ရာမြန်မာ၊ အင်္ဂလိပ်စာအုပ်များ၊ သုတရသစာအုပ်များ အစရှိသည့် စာအုပ်ပေါင်း ၆၃၁ အုပ်ကို လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အဆိုပါရုံး၌ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းရေးရာနှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်