နေပြည်တော် ဧပြီ ၂၉
ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော်ဖွင့်လှစ်ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၌ကျင်းပသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း၊ ဘိလပ်မြေ ထုတ်လုပ်သူများအသင်းတို့မှ အသင်းဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများသည် မဖြစ်မနေလိုအပ်သော ပစ္စည်းများဖြစ်ပြီး ငလျင်ဖြစ်ပွားရာဒေသများကို စုံစမ်းကြည့်ရာတွင် လိုအပ်ချက်အရ ဈေးနှုန်းကြီးမြင့် ကွာခြားမှုများရှိနေသည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ ငလျင်ဘေးသင့်ဒေသများတွင် တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် လုံလောက်စွာရရှိနိုင်ရေး၊ အချိန်မီရရှိနိုင်ရေးအတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း၊ တက်ရောက်လာ သည့်ဌာနများနှင့် အသင်းများကလည်း ဈေးရောင်းပွဲတော်အောင်မြင် စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ငလျင်ဘေးသင့်အဆောက်အအုံများအား ပြင်းအားရစ်(ခ်)တာစကေး ၈ အဆင့် ဒဏ်ခံနိုင်ရန် ပြန်လည်တည်ဆောက်ရာတွင် အရည်အသွေးမှန်ကန်သည့်ပစ္စည်းများ အသုံးပြုနိုင်ရေးနှင့် ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့်ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုရေးနှင့် အဆောက်အအုံများ မြန်ဆန်စွာဆောက်လုပ် နိုင်ရေးရည်ရွယ်၍ ဈေးရောင်းပွဲတော်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးရောင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျင်းပသွားမည်ဖြစ်ရာ သက်ဆိုင်ရာအသင်းများ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းများက ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချရာတွင် အမှန်တကယ်လိုအပ်သူများကို ရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အရည်အသွေးပြည့်မီသည့် ပစ္စည်းများရရှိရေးတို့အတွက် တာဝန်ယူ၊ တာဝန်ခံ၍ ရိုးသားစွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော် အောင်မြင်စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Grouting ဘိလပ်မြေထုတ်လုပ်သည့် Sika Myanmar Limited နှင့် Aung Pyitan Co., Ltd. တို့ ကလည်း လက်ရှိဆောင်ရွက်နေမှု၊ ဘိလပ်မြေဝယ်လိုအား မြင့်တက်လာသည့်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု၊ ဈေးရောင်းပွဲတော်တွင် ဈေးနှုန်းလျှော့ချရောင်းချပေးမည့်အခြေအနေနှင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော် ဖွင့်လှစ် ရောင်းချပေးနိုင်ရေး အတွက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်