နေပြည်တော် ဧပြီ ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Thushara Fernando အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများ၊ လူနာများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် ငလျင်ဘေးဒဏ် သင့်သူများဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုများ ရပ်ဆိုင်းမသွားအောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှု၊ ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသများမှ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည့် လူနာများအတွက် ခြေတုလက်တု ထုတ်လုပ်တပ်ဆင်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာနှင့် စက်ကိရိယာပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ငလျင်လှုပ်ပြီး ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုနေမှုနှင့် ရောဂါကာကွယ်နှိမ်နင်း ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် INCHEON Dental Association မှ လာရောက်လှူဒါန်းသည့် ငွေကျပ်သိန်းနှစ်ရာကိုလည်းကောင်း၊ Grand Medi Core Co.,Ltd. မှ လာရောက်လှူဒါန်းသည့်ငွေ ကျပ်သိန်းငါးဆယ်ကိုလည်းကောင်း၊ ကြေးမုံဆေးရုံ (နေပြည်တော်)မှ လာရောက်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာကိုလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်