Skip to main content

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၄ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ခြင်း

နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၄ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာ စာအုပ်ကို (အင်္ဂလိပ်/ မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် http://www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရားရုံးနှစ်စဉ်အစီရင်ခံစာထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်များမှာ တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေဖြင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိ စေရန်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာကို ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ တရားရုံးအသုံးပြုသူများသာမက အများပြည်သူများပါ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ၂၀၂၄ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်မှုများကို သီးခြားကဏ္ဍတစ်ရပ်အနေဖြင့် ဤအစီရင်ခံစာစာအုပ်၌ ဖော်ပြထားပါသည်။ အဆိုပါဆောင်ရွက်ချက်များတွင် တရားရုံး အဆင့်ဆင့်သို့ စွဲဆိုသည့်အမှုများ၏ ၁၀၃ % ကို စစ်ဆေးပြီးပြတ်ခဲ့သဖြင့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၃−၂၀၂၇) တွင် လျာထားသည့် တစ်နိုင်ငံလုံးအမှုပြီးပြတ်နှုန်း စုစုပေါင်း ၁၀၀ % ထက် ကျော်လွန်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ ခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမျိုးသားအဆင့် မဟာဗျူဟာများနှင့် စီမံကိန်းများ၏ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ဘဏ်အပေါင်မှုများကို အမြန်ပြီးပြတ်စေရန်နှင့် အပေါင်ချေးငွေများ ပြန်လည်ရရှိစေရေးအတွက် အထူးကိစ္စရပ်အနေဖြင့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများ စစ်ဆေးစီရင်ရာတွင် ထိရောက်မှုရှိစေသည့် လုပ်ထုံးလုပ်နည်းအသစ်များ ရေးဆွဲနိုင်ခဲ့ခြင်း၊ မူပိုင်ခွင့်မှုခင်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း၊ နည်းပညာအသုံးပြုမှုကဏ္ဍတိုးမြှင့်မှုအနေဖြင့် နိုင်ငံတစ်ဝန်းရှိ တရားရုံးများတွင် အမှုလိုက်ပါဆောင်ရွက်ကြသည့် ရှေ့နေတစ်ဦးချင်းစီ၏ အချက်အလက်များကို လွယ်ကူစွာစီမံခန့်ခွဲနိုင်သည့် ရှေ့နေရှေ့ရပ်စီမံခန့်ခွဲရေးစနစ်ကို ဆောင်ရွက်နိုင်ခဲ့ခြင်းများအပါအဝင် တရားစီရင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းတရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဤအစီရင်ခံစာစာအုပ်တွင် ပြည့်ပြည့်စုံစုံ ဖော်ပြထားသည့်အတွက် တရားစီရင်ရေးမဏ္ဍိုင်၏ ရပ်တည်မှုနှင့် စွမ်းဆောင်နိုင်မှုတို့ကို အလွယ်တကူ ဖတ်ရှုသိရှိနိုင်မည်ဖြစ်ပါသည်။ တရားရုံးနှစ်စဉ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်အကြံပြုလိုပါက တရားရုံးနှစ်စဉ်အစီရင်ခံစာပြုစုရေးလုပ်ငန်းအဖွဲ့၏ အီးမေးလ် annualreport.ousc@usc.gov.mm သို့ ပေးပို့နိုင်ပါသည်။