Skip to main content

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ကို ဂုဏ်ပြု

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယိုခန်းမ (၁)တွင် Virtual စနစ်ဖြင့် ယနေ့ကျင်းပမည်ဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလဖြစ်၍ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များအရ ရုပ်ရှင်ရုံကြီးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်သည့် အခြေအနေမရှိပေ။ ထို့ကြောင့် အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်များနှင့် ညီညွတ် သင့်လျော်သည့်နေရာတွင် ကျင်းပမည်ဖြစ်ပြီး ပြည်သူများအတွက် အွန်လိုင်းရုပ်ရှင်ပွဲတော်ကိုလည်း စီစဉ်ထားသည်ဟု သိရသည်။

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ရုပ်ရှင်နှစ်(၁၀၀) သက်တမ်းကာလအတွင်း မြန်မာရုပ်ရှင်ပညာရှင်များ၊ အနုပညာရှင်များ၏ တီထွင်ကြံဆဖန်တီးနိုင်မှု စွမ်းပကားများဖြင့် ရိုက်ကူးသရုပ်ဖော်ခဲ့ကြသော ထင်ရှားကျော်ကြားသည့် ရုပ်ရှင်ဇာတ်ကားကောင်းများ၊ ရုပ်ရှင်တေးသီချင်းများ၊ သက်ရှိထင်ရှား ရုပ်ရှင်သရုပ်ဆောင်အနုပညာရှင်များ၏ ပြန်လည်ဖောက် သည်ချဝေမျှမှုများကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် ဖျော်ဖြေတင်ဆက်ပြသမှု အမျိုးမျိုးပြုလုပ်ပေးခဲ့ရာ ပြည်သူများအနေဖြင့် ရုပ်ရှင်ဗဟုသုတများနှင့် ရုပ်ရှင်ရသများကို ရရှိကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်သော ကာလဖြစ်၍ ရုပ်ရှင်ရာပြည့် အထိမ်းအမှတ်များကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ စည်စည်ကားကား ကျင်းပလိုကြသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလဖြစ်၍ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ကာလအတွင်း ဖြတ်သန်းခဲ့သော သမိုင်းကြောင်းဆိုင်ရာတို့ကို လက်လှမ်းမီသမျှ အတတ်နိုင်ဆုံး အကောင်းဆုံး အပြည့်စုံအစုံလင်ဆုံးဖြစ်အောင် စီစဉ်ပြီး အွန်လိုင်းပေါ်မှလည်းကောင်း၊ ရုပ်မြင်သံကြားမှလည်းကောင်း၊ ပုံနှိပ်စာမျက်နှာပေါ်မှလည်းကောင်း ဖျော်ဖြေတင်ဆက် အသိပေးနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရုပ်ရှင်ကြည့် ပရိသတ်များ မိမိတို့နေရာအသီးသီးတွင် စိတ်ချလုံခြုံပြီး ဘေးကင်းကျန်းမာစွာ ကြည့်ရှုခံစားနိုင်ရန်တို့ကို ရည်မှန်းလျက် အွန်လိုင်း ရုပ်ရှင်ပွဲတော်ကို ယခုအောက်တိုဘာလ ၈ရက်မှ ၃၁ရက်နေ့အထိ ကျင်းပလျက်ရှိသည်ကို တွေ့ရသည်။ အွန်လိုင်းရုပ်ရှင်ပွဲတော်တွင် ခေတ်အဆက်ဆက် ရိုက်ကူးပြသခဲ့ကြသည့် မြန်မာ့ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၏ အနုပညာရသစွမ်းပကားများ၊ တီထွင်ဖန်တီးနိုင်မှုများ၊ စွန့်စွန့်စားစား လှုပ်ရှားမှုများကို ပြန်လည်ထုတ်ဖော်ပြကာ ပရိသတ်များခံစားနိုင်စေရန်နှင့် မြန်မာ့ရုပ်ရှင်ကိုနှစ်သက်သည့် ပြည်တွင်း၊ ပြည်ပမှ ရုပ်ရှင်ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ဇာတ်ကားများကို ရွေးချယ်ကြည့်ရှုနိုင်ရန် စသည့်အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိသည်။

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ကာလကို ကြုံတောင့်ကြုံခဲ ကြုံဆုံခဲ့သော်လည်း ကူးစက်ရောဂါ အခြေအနေအရ ပရိသတ်များကို တတ်နိုင်သမျှ အမျိုးမျိုးအဖုံဖုံ အကောင်းဆုံးဂုဏ်ပြု ဖျော်ဖြေ တင်ဆက်ပေးခဲ့ရသည်။ ခေတ်ဟောင်းရုပ်ရှင် တေးသီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားမှ အပတ်စဉ် ၁၀ ပုဒ်စီ ဖျော်ဖြေတင်ဆက်ပေးခဲ့ခြင်း၊ ခေတ်ဟောင်းရုပ်ရှင်များကို ပြန်လည်ပြသပေးခဲ့ခြင်း၊ ရုပ်ရှင်တွေ့ဆုံမေးမြန်းခန်းများ၊ ရုပ်ရှင်ပဟေဠိပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး ယခုနောက်ဆုံး အစီအစဉ်အဖြစ် အွန်လိုင်းရုပ်ရှင်ပွဲတော်တွင် မိုလ်ဘိုင်းနည်းပညာ၊ အွန်လိုင်းနည်းပညာစနစ်များကို အသုံးပြု၍ မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၂၅၀၀ ကျော်နှင့် ရုပ်ရှင်အယ်လ်ဘမ်၊ ရုပ်ရှင်ဇာတ်လမ်းတွဲများကို ပရိသတ်များ စုံစုံလင်လင် ဝေဝေဆာဆာ ကြည့်ရှုခံစားကြရမည်ဖြစ်ရာ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အစီအစဉ်များမှာ ကျေနပ်ဖွယ်ရာများ ဖြစ်နိုင်ပါသည်။

သို့ဖြစ်ရာ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ကိုဗစ်-၁၉ အလွန်ကာလတစ်ခုတွင် ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပသွားမည်သာဖြစ်ပြီး ယခုကျင်းပသည့် အထိမ်းအမှတ်အခမ်းအနားများ၊ ပုံနှိပ်စာမျက်နှာများနှင့် အွန်လိုင်းစာမျက်နှာများ ပေါ်တွင် ပရိသတ်များအား ဖျော်ဖြေတင်ဆက်အသိပေးခဲ့သည့် အစီအစဉ်များသည် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ကို အကောင်းဆုံး အကြိုဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများဟု ဆိုချင်ပါကြောင်း။     ။