Skip to main content

ယခင်ထက်ပိုမိုကောင်းမွန်စေရေးစုပေါင်းညီညာပူးပေါင်းဆောင်ရွက်

အင်အားအလွန်ပြင်းထန်သည့် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ရက်သတ္တသုံးပတ် ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ယခုအချိန်တွင် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်ပြုပြင်၍ရသည့် အဆောက်အအုံများကို ခိုင်ခံ့အောင် ပြန်လည်အား ဖြည့်ပြုပြင်ရေး၊ အသစ်ပြန်လည်တည်ဆောက်ရမည့် အဆောက်အအုံများကို တည်ဆောက်ရေး အတွက် ဆောင်ရွက်နေရပြီဖြစ်သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အပျက်အစီးအနည်းဆုံးတန်ချိန် နှစ်သန်းခွဲရှိပြီး အကြမ်းဖျင်းအားဖြင့် ကုန်တင်ကားစီးရေ ၁၂၅၀၀၀ စာခန့် အရေးပေါ် ဖယ်ရှားရန် လိုအပ်နေသည်ဟုဆိုရာ အဆိုပါအပျက်အစီးများ ဖယ်ရှားရှင်းလင်းရန် အချိန်ကာလတစ်ရပ် ကြာမြင့်ဦးမည်ဖြစ်သည်။

ငလျင်ကြောင့် လူနေအိမ်ရာ တိုက်တာအဆောက်အအုံ ထောင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ရာတွင် စစ်ကိုင်း၊ မန္တလေးမှသည် ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူစသည်ဖြင့် မြို့တော်နှင့် မြို့ကြီးအများအပြားတို့မှ ပါဝင်သည်။ ငလျင်ဘေးဒဏ် ထိခိုက်မှုများကြောင့် ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင် ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကိုင်းနှင့် မန္တလေးတို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ရှင်းလင်းပြောကြားရာတွင် “မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အအုံများ ရှင်းလင်းရေးနှင့် ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့် သွပ်များကိုလည်း နိုင်ငံတော်မှ သင့်လျော်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များအတွက်လည်း အမျိုးအစားများအလိုက် သင့်လျော်သည့် နှုန်းထားများဖြင့် ငွေကြေးများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးသကဲ့သို့ မိမိတို့ကိုယ်တိုင်မှလည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးသွားသည့် လူနေတိုက်တာ အဆောက်အအုံများကို မဖြစ်မနေ ဖြိုချရာတွင် အခကြေးငွေ ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ အထိ ဈေးခေါ်နေသည့် သတင်းအချို့ ကြားသိရသလို ဘိလပ်မြေ၊ သွပ်၊ သံ အပါအဝင် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ လွန်စွာမြင့်တက်လာကြောင်းလည်း သိရှိရသည်။ ဈေးနှုန်းများမြင့်တက်ရာတွင်ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်းမြင့်တက်မှုကို လက်ခံရမည်ဖြစ်သော်လည်း နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ဈေးနှုန်းမြှင့်တင်ခြင်းမျိုးကိုမူ ရှောင်ရှားကြရန်လိုသည်။ အထက်ဖော်ပြပါ အခက်အခဲများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ကကူညီဆောင်ရွက်ပေးမှု၊ ထောက်ပံ့မှုများ ပြုလုပ်ပေးခြင်းအားဖြင့် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်ပြီးစီးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဘိလပ်မြေ၊ သွပ်၊ သံ အပါအဝင် ဆောက်လုပ်ရေး ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်သမျှ တိုးတက်ထုတ်လုပ်ခြင်း၊ လိုအပ်ချက်ကို ပြည်ပမှတင်သွင်းခွင့်ပြုခြင်းဖြင့် အဆိုပါပစ္စည်းများကို မတန်တဆ ဈေးတင်ရောင်းချခြင်းများ လျော့နည်းသွား မည်ဖြစ်သည်။

 ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် မြို့များတွင် ပြန်လည်ထူထောင် ရေးနှင့်တည်ဆောက်ရေးတို့ကို မဖြစ်မနေဆောင်ရွက်သွားကြရ မည်ဖြစ်ရာ မိမိတို့နေထိုင်ရာမြို့များကို ယခင်အခြေအနေထက် ပိုမိုကောင်းမွန်စေရေးဟူသော စိတ်ဓာတ်ဖြင့် စုပေါင်းညီညာ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက မြို့ပြဒေသများ အမြန်ဆုံး ပြန်လည်သက်ဝင်နိုးထ လှပလာမည်သာဖြစ်ပါကြောင်း။ ။