နေပြည်တော် ဧပြီ ၁၇
မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာကောင်းများနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ဖြစ်သည်နှင့်အညီ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည်။
ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းများတက်ရောက်ကြသည်။
အခမ်းအနားကျင်းပရာတွင် ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့နှင့်အတူ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ရွှေဝါငါးကြင်း သားပေါက်များကို ငလိုက်ရာဘာရေလွှဲဆည်အတွင်းသို့ လွှတ်ပေး ကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ဌာနအကြီးအကဲများနှင့် ဇနီးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများက ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ ၉၀၀၀ ကို ငလိုက်ရာဘာ ရေလွှဲဆည်အတွင်းသို့ လွှတ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်