Skip to main content

လက်ရှိပဋိပက္ခနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မီဒီယာကနေတစ်ဆင့် ပြည်သူလူထုသိရှိနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားရမယ်၊ ဆွေးနွေးကြရမယ်၊ တင်ပြရမယ်

ဦးမျိုးဝင်း

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိရာ မတ် ၂၅ ရက်တွင် ကျင်းပသည့် ဒုတိယနေ့ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ပါဝင်တက်ရောက် ဆွေးနွေးကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဦးမျိုးဝင်း Coordinator ၊ 7 EAO Alliance Secretariat

ကျွန်တော်တို့ ဒီနေ့မနက်ပိုင်းမှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အနာဂတ်အလားအလာခေါင်းစဉ်ကို ဆွေးနွေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပါဝင်တဲ့ ဆွေးနွေးမှုတွေကနေ သုံးသပ်တင်ပြထားတယ်။ NCA မူဘောင်အတိုင်း အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စိန်ခေါ်မှုအခက်အခဲတွေ မရှိလာအောင် ဆွေးနွေးညှိနှိုင်းသွားကြဖို့ သုံးသပ်တွေ့ရှိရပါတယ်။ လက်ရှိပဋိပက္ခနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မီဒီယာကနေတစ်ဆင့် ပြည်သူလူထုသိရှိနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားရမယ်၊ ဆွေးနွေးကြရမယ်၊ တင်ပြရမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်။ စားပွဲဝိုင်းရောက်အောင် အားလုံးအတူ ဝိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မယ်။

ဒေါက်တာ ဇော်ဦး စီးပွားရေးသုတေသီ

ဒီနေ့ ဆွေးနွေးပွဲမှာတော့ “ပဋိပက္ခလျှော့ချရေးကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာတွင် ဆက်စပ်သည့် ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစားခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြံပြုဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပဋိပက္ခတွေများနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့အတွက် စကားဝိုင်းတစ်ခုကို ခေါ်တဲ့အခါမှာ တချို့ကလည်း ဒီအပေါ်မှာ အားမလိုအားမရဖြစ်နေကြတာတွေရှိပါတယ်။

ကျွန်တော်ကတော့ ဒီနေ့ဆွေးနွေးပွဲတက်ရောက်တဲ့သူတွေအားလုံးကို အားတက်အောင်၊ မျှော်လင့်ချက်တွေရှိအောင် အခုလိုပဋိပက္ခတွေနဲ့ စိန်ခေါ်မှုတွေကြားထဲက စီးပွားရေးကို ကြံ့ကြံ့ခံစွမ်းဆောင်နေတဲ့ ကဏ္ဍတွေကဘာတွေရှိနေသလဲ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍပေါ့။ ပဋိပက္ခတွေတည်ရှိနေတဲ့ ရှမ်းပြည်နယ်မှာ အထူးစိုက်ပျိုးတဲ့ ပြောင်းသီးနှံဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ အရင်တင်ပို့နေကျထက် သုံးဆလောက် တက်လာတာတွေ့ရပါတယ်။

ဒီလိုပဲ ပဋိပက္ခတွေကြားထဲမှာ ကြံ့ကြံ့ခံဆောင်ရွက်နေတဲ့ စီးပွားရေးတွေရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စီးပွားရေးက တရုတ်နိုင်ငံဖြစ်သလို မကြာခင်မှာလည်း တတိယအကြီးဆုံးက အိန္ဒိယနိုင်ငံဖြစ်တော့မယ်။ ပဋိပက္ခတွေရှိနေလို့ စီးပွားရေးကျဆင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ ပဋိပက္ခတွေရပ်နိုင်တာနဲ့ တစ်ပြိုင်တည်း ဒီနိုင်ငံတွေနဲ့ ချိတ်ဆက်နေတဲ့ ကျွန်တော်တို့နိုင်ငံက ချက်ချင်းလက်ငင်းပြန်လည်ထူထောင်ရေးကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ချက်ကြီးကြီးမားမားရှိနေတယ်။ ဒါကြောင့်မို့ အခုလောလောဆယ်ပဋိပက္ခလျှော့ချဖို့နဲ့ ပဋိပက္ခရပ်စဲဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ နေရာတွေအားလုံးက ပဋိပက္ခတွေဖြစ်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခတွေ မရှိတဲ့နေရာတွေ၊ ငြိမ်းချမ်းရေးကို ကြံ့ကြံ့ခံပြီး ဆက်လက်ထိန်းထားတဲ့ ဒေသတွေရဲ့ စွမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်။ သူတို့ရဲ့ အောင်မြင်မှုကိုလည်း ကျွန်တော်တို့ လေ့လာသုံးသပ်ပြီးတော့ အတုယူသင့်ပါတယ်ဆိုပြီး ကျွန်တော့်အနေနဲ့ သုံးသပ်တင်ပြခဲ့ပါတယ်။

ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

ဒီသုံးလေးနှစ်အတွင်းမှာ ပထမဦးဆုံးနယ်ပယ်စုံက လူတွေနဲ့ငြိမ်းချမ်းရေးကိစ္စအတွက် စကားဝိုင်းဆောင်ရွက်တာဖြစ်ပါတယ်။ နိုင်ငံတော်က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလိုလားလားရှိတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဒီဇင်ဘာလထဲ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် သေချာဆောင်ရွက်ကြဖို့ လမ်းညွှန်ထားတယ်။ ၂၀၂၅ အလွန်မှာ နိုင်ငံတော်က စနစ်ကြီးတစ်ခုပြောင်းမယ်။ ပြောင်းမယ့်အချိန်မှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ နိုင်ငံတော်တည်ငြိမ်ဖို့ ငြိမ်းချမ်းမှုရှိဖို့လိုတယ်။ အဲဒီအတွက် အခင်းအကျင်းတွေကို အားလုံးဝိုင်းပြီး ဖြစ်လာနိုင်မယ့် အသံတွေမျိုးစုံကို နားထောင်တာ ဖြစ်ပါတယ်။

ဒီနေ့ကတော့ ဒုတိယနေ့ဖြစ်တဲ့အတွက် ဆွေးနွေးမှုတွေက အရှိန်မြှင့်လာတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုပြီး အပိုင်းနှစ်ပိုင်းခွဲဆွေးနွေးကြတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးကဏ္ဍမှာ ဝင်ရောက်ပြီး လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးတင်ပြခွင့်ရခဲ့တယ်။ ပြီးတော့ မတူညီတဲ့ အမြင်တွေနဲ့ မသိသေးတဲ့ အရာတွေကိုလည်း သိခဲ့ရတယ်။

နိုင်ငံတော်က အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဒီဆွေးနွေးပွဲရလဒ်တွေက အထောက်အကူပြုမယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံကြီးငြိမ်းချမ်းဖို့ လိုပါတယ်။ ငြိမ်းချမ်းမှ အားလုံးဖွံ့ဖြိုးတိုးတက်မှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်ဖို့ အရေးကြီးဆုံးကတော့ နိုင်ငံတော်က ဘယ်လိုပဲလုပ်လုပ်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဘယ်လိုပဲညှိညှိပြည်သူတွေအားလုံး ပါဝင်လာဖို့ လိုပါတယ်။ ဒါကြောင့် ပြည်သူအားလုံးရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းချင်တဲ့စိတ်တွေ ရှိဖို့လိုပါတယ်။

ဦးရဲမင်းအောင် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်

နိုင်ငံတော်ကနေ စီစဉ်ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲမှာ စီးပွားရေးနယ်ပယ်ကနေ လာရောက်ပြီးတော့ ပါဝင်ဆွေးနွေးတာဖြစ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ၊ အခက်အခဲတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးက အရေးပါသလို၊ ငြိမ်းချမ်းရေးအတွက်လည်း စီးပွားရေးက အရေးပါတဲ့အတွက် အပြန်အလှန်အကျိုးပြုနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လယ်ယာသားငါးလုပ်ငန်းတွေကို အခြေခံတာဖြစ်တဲ့အတွက် လယ်ယာသားငါးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အကြံပြုတင်ပြဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲကလည်း ရွေးကောက်ပွဲကျင်းပဖို့ ပြောထားတာရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲမတိုင်မီ ကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲပြီးတဲ့အချိန် ရေတို ရေရှည် ဆောင်ရွက်သွားရမယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် စီးပွားရေးအနေအထားတွေအပေါ်မှာ ကျွန်တော်တို့ ပုဂ္ဂလိကထင်မြင်ယူဆချက်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲကျင်းပတဲ့အတွက် မိတ်ဆွေတွေနဲ့ ပြန်တွေ့ခဲ့ရတယ်။ မတူညီတဲ့အယူအဆတွေ၊ အမြင်တွေနားထောင်ရတယ်၊ အချင်းချင်းလည်း မျှဝေနိုင်တယ်။ တစ်ယောက်ရဲ့အခက်အခဲကိုလည်း တစ်ယောက်က ကူညီစဉ်းစားပြီးတော့ ဖြေရှင်းပေးနိုင်တယ်။ ဘာပဲပြောပြော ယုံကြည်မှု၊ နားလည်မှုတွေတည်ဆောက်နိုင်တယ်။

မြန်မာနိုင်ငံမှာ နေထိုင်ပြီးတော့ မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွား၊ ပုဂ္ဂလိကအကျိုးစီးပွားတွေကို မျှမျှတတတိုင်ပင်ညှိနှိုင်းဆွေးနွေးနိုင်တယ်။ အားလုံးအတူ လက်တွဲပြီးတော့ အလုပ်လုပ်နိုင်တယ်။ ဒါဟာ ကောင်းမွန်တဲ့ အစဉ်အလာနဲ့ အလေ့အထဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ဒီလိုဆွေးနွေးပွဲတွေကို တရားဝင်အစည်းအဝေးခန်းမမှာ ဆောင်ရွက်သလို အလွတ်သဘော မကြာခဏထိတွေ့ဆွေးနွေးမှုတွေကနေလည်း ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို သွားရမယ်လို့ ထင်ပါတယ်။

ဒေါက်တာသက်သက်ခိုင် ဥက္ကဋ္ဌ၊ ပြည်သူ့ရှေ့ဆောင်ပါတီ

ဒီလိုဆွေးနွေးပွဲတွေက ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ လူတစ်ယောက်ချင်းစီရဲ့ ရင်ထဲမှာရှိတဲ့ သဘောထားအမြင်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုခွင့်ရတယ်။ အချင်းချင်းနားလည်မှုယူပြီးတော့ အလုပ်လုပ်တဲ့ သဘောဖြစ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်တာလည်း ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာ လူသစ်တွေနဲ့ တွေ့ရတယ်၊ မတူညီတဲ့ ရှုထောင့်ကနေ ဆွေးနွေးမှုတွေကို ကြားသိရတယ်။ လူတိုင်းက ကိုယ့်ရဲ့အတွေးအခေါ်အယူအဆ၊ မျှော်လင့်ချက်၊ အတွေ့အကြုံတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရတဲ့အတွက် တဖြည်းဖြည်းကွာဟမှုက ကျဉ်းမြောင်းလာပြီး နားလည်မှုတွေ၊ လက်ခံမှုတွေ၊ တူညီသွားပြီးတော့ ငြိမ်းချမ်းရေးနဲ့ နီးစပ်သွားပါတယ်။

တွေ့ဆုံမေးမြန်း-သန်းကျော်အောင်

ဓာတ်ပုံ-ကိုထိန်