Skip to main content

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုတို့တွင် ရင်းနှီးမြှုပ်နှံမှုပုံစံ နှစ်မျိုးဖြစ်သော ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသပြင်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုဟူ၍ ရှိကြောင်း၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများကို ဒေသတွင်းရင်းနှီးမြှုပ်နှံမှုကော်မတီ (Regional Investment Committee- RIC) က စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန်နှင့် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း။

အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ (MSMEs) ကို အားပေးမြှင့်တင်ခြင်းသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးကို အထောက်အကူပြုကြောင်း၊

နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်စပ်လျဉ်း၍ ဒေသတွင်းအဖွဲ့အစည်းများဖြစ်သော ASEAN၊ GMS ၊ ACMECS အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုး၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် အာဆီယံဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများတွင် ဈေးကွက်ရှာဖွေကြရန်နှင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်များကို ရှာဖွေကြရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ပြန်လည်သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုများတိုးတက်ရေးကို ဆောင်ရွက်နေသည့်အချိန်တွင် ကိန်းဂဏန်း အချက်အလက်များ မှန်ကန်တိကျရန်အရေးကြီးကြောင်း၊ နှစ်နိုင်ငံနှင့် နိုင်ငံစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အာဆီယံအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်မှု၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနှင့် မြန်မာနိုင်ငံတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေကိုလည်းကောင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း တင်ပြဆွေးနွေးသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်များ၏ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေကို ဆွေးနွေးတင်ပြကြသည်။

အဆိုပါ အစည်းအဝေးကို မတ် ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်