ရန်ကုန် မတ် ၂၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် လှိုင်အားကစားကွင်းသို့ရောက်ရှိပြီး ကာယပညာဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံ၊ အားကစားသမားနားနေခန်းနှင့် အဝတ်လဲခန်း၊ GYM ခန်း၊ မြက်ခင်းတုဘောလုံးကွင်း၊ Indoor Stadium ၌ ပုံမှန်သင်တန်းနှင့် နွေရာသီသင်တန်းတက်ရောက်နေသော တိုက်ကွမ်ဒို၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်အားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘောလုံးလေ့ကျင့်ရေးကွင်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် မဏ္ဍိုင်အားကစားကွင်း၊ တာမွေမြို့နယ်ရှိ ဘိုးလင်းအားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဉာဏ်ရည်မသန်စွမ်းလက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဒေါပုံအားကစားခန်းမ နွေရာသီတိုက်ကွမ်ဒို အားကစားသင်တန်း၌ သင်တန်းသား သင်တန်းသူများလေ့ကျင့်နေမှုနှင့် သာကေတမြို့နယ်ရှိ သာကေတအားကစားခန်းမ၊ ဘောလုံးအားကစားကွင်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမွေအဖွဲ့ချုပ်နှင့် မြန်မာလက်ဝှေ့ကော်မရှင်အဖွဲ့တို့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့ကိုတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမွေအဖွဲ့ချုပ်နှင့် မြန်မာလက်ဝှေ့ကော်မရှင်အဖွဲ့မှ ဥက္ကဋ္ဌတို့က (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရှိ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ နည်းပြ၊ ဒိုင်နှင့်အားကစားသမားများ၏ ပြိုင်ပွဲအထောက်အကူပြုပစ္စည်းများ၊ စားသောက်ရေးကိစ္စရပ်များ၊ ဆေးဝါးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များကို စီမံဆောင်ရွက်ပေးမှုများ၊ အဆင့်မြင့်နည်းပြလိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က အဖွဲ့ချုပ်မှ တင်ပြဆွေးနွေးမှုများကိုဖြည့်စွက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်းမြေနေရာ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်ရုံးခန်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့် ရေးစခန်း (သုဝဏ္ဏ)၊ လေ့ကျင့်ရေးကွင်း (၅) ၌ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် (၂၂) နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း အားကစားသမားရွေးချယ်ရန်အတွက် အသက် (၂၂)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် ဟောင်ကောင် (တရုတ်) အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဟောင်ကောင် (တရုတ်) အသင်းတို့သည် နှစ်ဂိုးစီဖြင့် သရေရလဒ်ရရှိသွားကြောင်း သိရသည်။
သတင်းစဉ်