နေပြည်တော် မတ် ၂၀
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကပ်လှူသည့် ရွှေပြားသင်္ကန်းတော်ခြောက်ကျပ်သား နှစ်ချပ်နှင့် တစ်ကျပ်သား ၁၃ ချပ်တို့အတွက် အလှူငွေကျပ် ၆၂,၅၀၀,၀၀၀/- (ကျပ်ခြောက်ရာနှစ်ဆယ့်ငါးသိန်းတိတိ) ကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အလှူတော်ငွေကျပ် ၆၂၅ သိန်းတန်ဖိုးရှိ ရွှေပြားသင်္ကန်းတော် ၁၅ ချပ်ကို ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များသည် ရွှေသင်္ကန်းခြောက်ကျပ်သား နှစ်ချပ်ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူး၌လည်းကောင်း၊ ရွှေသင်္ကန်းတစ်ကျပ်သား ၁၃ ချပ်ကို အထက်ပစ္စယာ ၈ မြောက်ဘက်၌လည်းကောင်း ကိုယ်တိုင်ကိုယ်ကျတက်ရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သတင်းစဉ်