နေပြည်တော် မတ် ၂၀
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်း မပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယခုနှစ်တွင် ဓာတုဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၂ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၁ ခု စာစစ်ဌာန စုစုပေါင်း ၈၁၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၉၅၆၀၃ ဦးရှိပြီး ဓာတုဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၅၆၆၄ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ပထဝီဝင်ဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာနတစ်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၆၇၃ ခု စာစစ်ဌာန စုစုပေါင်း ၆၇၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၅၂၄၀ ရှိပြီး ပထဝီဝင်ဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၈၄၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူ များ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုနှင့် ပတ်သက်၍ ကြီးကြပ်ရေးတာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦး၏ စကား သံများကို ယခုကဲ့သို့ ကြားသိရပါသည်။
“ကျွန်မက အ.ထ.က (၆) စာစစ်ဌာနရဲ့ ကြီးကြပ်ရေးမှူးဖြစ်ပါတယ်။ ကျောင်းသားဦးရေ စာဖြေသူစုစုပေါင်း ၃၇၄ ဦး ရှိပါတယ်။ ပျက်ကွက်က ဒီနေ့အထိဆိုရင်တော့ ၁၉ ဦးရှိပါတယ်။ အားလုံးပေါင်း ၃၅၆ ဦး ဖြေဆိုပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၉၂ ရာခိုင်နှုန်းပါ။ ကျောင်းသားတွေ အေးအေးချမ်းချမ်းနဲ့ ဖြေဆိုနေတာကို တွေ့ရှိရပါတယ်။ ထွက်လာတယ်ဆိုလို့ရှိရင်လည်း အင်္ဂလိပ်စာနေ့ကလည်း တော်တော်ဖြေနိုင်တဲ့ပုံပါပဲ။ မြန်မာစာနေ့ကလည်း ဖြေနိုင်ပါတယ်။ သင်္ချာနေ့ကလည်း ပျော်ပျော်ရွှင်ရွှင်ထွက်လာတာ တွေ့ရပါတယ်။ ကွာခြားချက်ကတော့ အရင်တုန်းကတော့ GRADE-10 ဆိုတဲ့အတွက် ကျောင်းသားရဲ့ အသက်အရွယ်ဟာ ၁၅ နှစ်၊ ၁၆နှစ် ပဲရှိပါတယ်။ အခုအခါ GRADE-12 လို့ ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ဟာ စာပေတွေကလည်း အဆင့်မြှင့်လိုက်တယ်။ နိုင်ငံတကာအဆင့်ပေါ့။
ပြီးလို့ရှိရင် အခြေခံပညာပြီးမြောက်ကြောင်း (CC) လည်း ပေးပါတယ်။ (CC) ပေးတဲ့ စာမေးပွဲပြီးလို့ရှိရင် အခုဒီတက္ကသိုလ်ဝင်စာမေးပွဲပေါ့။ အဲဒီတော့ (CC) ပြီးလို့ရှိရင် သူကဘာတွေကွာခြားလဲဆိုတဲ့အခါကျတော့ အသက်မွေးဝမ်းကျောင်းတွေကို သွားလို့ရတယ်။ ဒီတက္ကသိုလ်ဝင်တန်းအောင်လို့ရှိရင်လည်း ထပ်ပြီးတော့ တက္ကသိုလ်တွေ တက်လို့ရတယ်။ အဲဒီလိုကွာခြားပါတယ်။ စာကြိုးစားတဲ့ ကျောင်းသားတွေ အကုန်လုံးကတော့ ဖြေနိုင်တာ တွေ့ရပါတယ်။ ပြောင်းလဲထားတဲ့ ပညာရေးစနစ်က အလွန်ကောင်းပါတယ်။ စာမေးပွဲဖြေဆိုနေတာလည်း အေးအေးချမ်းချမ်းပဲ ဖြေဆိုနေတာကို တွေ့ရပါတယ်။ ကျောင်းသားတွေကို ကျွန်မတို့က ပြောချင်တာကတော့ ပညာကိုဆတက်ထမ်းပိုးကြိုးစားပြီးတော့ ပညာတတ်အောင်လုပ်ဖို့ ပြီးရင်နိုင်ငံတော်အတွက် အကျိုးရှိတဲ့ သားကောင်းသမီးမွန်တွေဖြစ်အောင် ကြိုးစားဖို့ ဒါလေးမှာချင်ပါတယ်”။
သတင်းစဉ်